နေပြည်တော်၊ နိုဝင်ဘာ ၂၄ ရက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ China-ASEAN Legal Research Center၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၂၁ ရက်နေ့၌ ကျင်းပခဲ့သော (၇)ကြိမ်မြောက် တရုတ်-အာဆီယံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ (China-ASEAN Legal Cooperation Forum) သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ အခမ်းအနားကို ၂၁-၁၁-၂၀၂၅ ရက် နံနက် ၁၀:၀၀ နာရီ အချိန်တွင် Chongqing Yuzhou Hotel ရှိ Changjiang Hall ၌ ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဋ္ဌာနကြီးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံ ရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူး၊ တရုတ်နိုင်ငံဥပဒေရေးရာ အဖွဲ့အစည်း၏ အတွင်း ရေးမှူး Mr Chen Wenqing၊ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဋ္ဌာန ကြီးအဖွဲ့ဝင်၊ ချုံချင့်မြို့ မြူနီစပယ်ကော်မတီ၏ အတွင်းရေးမှူး Mr Yuan Jiajun၊ အာဆီယံ နိုင်ငံအသီးသီးမှ ဥပဒေနှင့် တရားရေးရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးချုပ်များ၊ တရား သူကြီးချုပ်များ၊ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများ၊ တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသန စင်တာမှ အထွေထွေအတွင်းရေးမှူးချုပ် Professor Zhang Xiao Junနှင့် အဖွဲ့ဝင်များ၊ တရုတ် နိုင်ငံမှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး နှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး က ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး အဓိကကျ၍ ခိုင်မာသည့် ဥပဒေရေးရာ ပူးပေါင်း ဆောင်ရွက်မှုများအဖြစ် ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများကို အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ် (Southwest University of Political Science and Law) သို့ ပညာတော်သင်များစေလွှတ်၍ ပါရဂူဘွဲ့များ ရရှိခဲ့ကြောင်း၊ တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုအဖြစ် ဥပဒေသုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံအကြား လက်တွဲညီညီ အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရာတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အာဆီယံနိုင်ငံများနှင့်လည်း ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း၊ တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများဖြင့် ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စွာ တည်ဆောက်ပြီး ဥပဒေရေးရာဆန်းစစ်မှု၊ ပြန်လည်သုံးသပ်မှု၊ လက်တွေ့ အကောင်အထည်ဖော်မှုများ၊ ပညာတော်သင်များစေလွှတ်မှု၊ ဥပဒေရေးရာသင်တန်းများ ပို့ချမှုတို့ကိုနားလည်မှု စာချွန်လွှာနှင့်အညီ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဒုတိယဝန်ကြီး နှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် China Law Society မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Yin Baohu ဦးဆောင်သော အဖွဲ့နှင့် ယင်းနေ့ ညနေပိုင်းတွင် တွေ့ဆုံခဲ့ပြီး တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသန စင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု အခြေအနေ များ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)
