တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း (CLA-7) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၈ ရက်

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း (CLA-7) သင်တန်းဆင်းပွဲအခမ်းအနားကို ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်းကျောင်း(Legal Advocacy Center) MOLA Lecture Hall ၌ ကျင်းပ သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ တရားလွှတ်တော်ချုပ်တရားသူကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်းဥပဒေ ၏အကာအကွယ် အညီအမျှရရှိစေရေးဆိုင်ရာများ နှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်သူအတွက်ဆောင်ရွက်ချက်လုပ်ငန်း အစီအမံများ ချမှတ်၍ ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများအား ရှင်းလင်း ဆွေးနွေးမှာကြားခြင်း၊ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ဆောင်နိုင်ရန် ဆောင်ရွက်ခြင်း၊ စံနမူနာပြ ရှေ့ပြေးဥပဒေရုံး (Pilot Law Office )များ သတ်မှတ်ဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးကိုဖော်ဆောင်ရန် တာဝန်ရှိသည့် ဥပဒေအရာရှိများအား လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကောင်းမြတ်သော ကိုယ်ကျင့်တရားဖြင့် ကျင့်ဝတ်စောင့်ထိန်းလိုက်နာမှု ပိုမိုအားကောင်းစေရန် ဥပဒေအရာရှိ ကျင့်ဝတ်ဆိုင်ရာတွေ့ဆုံမေးမြန်းခြင်း (Interview) အစီအစဉ်များ ဆောင်ရွက်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာ ရရှိစေရေးအတွက် Training of Trainer (TOT) သင်တန်းများ ပို့ချခြင်းနှင့် ယခုသင်တန်းဖြစ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်း အကြီး အမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း (Certificate of Legal Advocacy, CLA-7) သင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းအား အစိုးရဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျ ဖြစ်စေရန် ဥပဒေရေးရာအခြေခံသဘောတရားများကိုသိရှိနားလည်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်  ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊

သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ ဦးစီးဌာနများက ဆောင်ရွက်လျက်ရှိသော ဥပဒေရေးရာကိစ္စရပ်များအပြင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ သိသင့်သိထိုက်သည့် ဥပဒေဘာသာရပ်များဖြစ်သည့် ဥပဒေပညာအခြေခံသဘောတရားများဘာသာရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဘာသာရပ်၊ ဥပဒေမူကြမ်းရေးဆွဲခြင်းဘာသာရပ်၊ အထွေထွေဥပဒေအကြံဉာဏ်ပေးခြင်းဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများလက်တွေ့အသုံးချမှုဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများ စိစစ်ခြင်းဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့်အထူးဥပဒေများလက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမ ဆိုင်ရာဥပဒေများလက်တွေ့အသုံးချမှုဘာသာရပ်များ သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းပို့ချရာတွင် မိမိအပါအဝင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံး အဖွဲ့ဝင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အဖွဲ့ဝင်၊ တရားလွှတ်တော်ချုပ်တရားသူကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက် လှမ်းရေးအဖွဲ့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများက ပို့ချပေးခဲ့ကြောင်း၊

သင်တန်းသား၊ သင်တန်းသူများသည် ယခုသင်တန်းမှရရှိခဲ့သည့် ဥပဒေအသိပညာ ဗဟုသုတများကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေး အတွက် သော်လည်းကောင်း၊ မိမိ၏ဌာနအဖွဲ့အစည်းအတွက် သော်လည်းကောင်း၊ မိမိကိုယ်တိုင်အတွက် သော်လည်းကောင်း၊ အကျိုးရှိစွာအသုံးချနိုင်စေရန်ဆန္ဒပြုကြောင်းပြောကြားပြီး၊ သင်တန်းသားသင်တန်းသူများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဆင်းလက်မှတ် (Certificate of Legal Advocacy, CLA-7) များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

                                                                   သတင်းစဉ်