ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပလျက်ရှိသည့် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့(Asian-African Legal Consultative Organization- AALCO)၏ (၆၃)ကြိမ်မြောက် နှစ်ပတ် လည် အစည်းအဝေး တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၉ ရက်

အာရှ-အာဖရိကဥပဒေအတိုင်ပင်ခံအဖွဲ့(Asian-African Legal Consultative Organization-AALCO) ၏ (၆၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ၇-၉-၂၀၂၅ ရက် နေ့မှ ၁၂-၉-၂၀၂၅ ရက်နေ့အထိ ကျင်းပလျက်ရှိရာ အဆိုပါ နှစ်ပတ်လည် အစည်းအဝေးသို့ ယူဂန်ဒါနိုင်ငံ ရှေ့နေချုပ် Mr. Kiryowa Kiwanuka ၏ ဖိတ်ကြားချက်အရ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

အဆိုပါ နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် အာရှ-အာဖရိက ဥပဒေအတိုင် ပင်ခံအဖွဲ့(AALCO)၏ အထွေ ထွေအတွင်းရေးမှူးချုပ် H.E Dr. Kamalinne Pinitpubadol ၊ ယူဂန်ဒါ နိုင်ငံ လွှတ်တော်နာယက Ms. Anita Annet Among ၊ ယူဂန်ဒါနိုင်ငံ တရားရေးဝန်ကြီး Mr. Norbert Mao နှင့် ယူဂန်ဒါနိုင်ငံရှေ့နေချုပ် Mr. Kiryowa Kiwanuka တို့က အဖွင့်အမှာစကားများ ပြောကြား ခဲ့ကြသည်။ ထို့နောက် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့(AALCO)၏ အထွေထွေအတွင်းရေး မှူးချုပ်ရုံးက တင်သွင်းသော ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက်စာရင်းကို အတည်ပြုခြင်း၊ အစည်းအဝေး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်ခြင်း၊ အထွေထွေအတွင်းရေးမှူးချုပ်အား ပြန်လည်ခန့်အပ်ခြင်း၊ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့(AALCO)၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေဂျာနယ် ထုတ်ဝေခြင်းတို့ကို အဖွဲ့ဝင်နိုင်ငံများက အတည်ပြုဆောင်ရွက်ခဲ့ကြသည်။

နှစ်ပတ်လည် အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ဆွေးနွေးပြောကြားရာ၌ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO)ကို ယခင်က ဥပဒေ အတိုင်ပင်ခံကော်မတီ (ALCC)အဖြစ် ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံသည် ကနဦးအဖွဲ့ဝင် (Founding Member)ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ ရေမြေအနေအထား သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် မဟာဗျူဟာကျသည့် ပထဝီဝင် နေရာတွင် တည်ရှိပါကြောင်း၊ ထို့ကြောင့် အာဆီယံသဘောတူညီချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ တန်းတူညီမျှသော စီးပွားရေး အခွင့်အလမ်းများ မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော အခြားဥပဒေများကို ပြဋ္ဌာန်းထားပြီးဖြစ်၍ စီးပွားရေး တိုးချဲ့လုပ်ကိုင်နိုင်ရန် အခြေအနေကောင်းများနှင့် တိကျသည့် ဥပဒေမူဘောင်များ တည်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea- UNCLOS)အဖွဲ့ဝင်ဖြစ်ပြီး ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်၍ ရေနံ နှင့်သဘာဝဓာတ်ငွေ့ အပါအဝင် ပင်လယ်ပြင် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝကြောင်း၊ တရား မဝင် ငါးဖမ်းလုပ်ငန်းကို နှိမ်နှင်းရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊  အဂတိလိုက်စားမှု ကဲ့သို့သော ရာဇဝတ်မှုများနှင့် ဆက်နွှယ်သည့်  ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (United Nations Convention against Corruption- UNCAC)ကို လက်မှတ်ရေးထိုးပြီး ပြည်တွင်းဥပဒေ မူဘောင်၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အာကာသ ပိုင်နက်နှင့်စပ်လျဉ်း၍ အာကာသသည် လူသားတိုင်းနှင့်သက်ဆိုင်ပြီး နိုင်ငံများ၏ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးမှုအဆင့်အပေါ် မသတ်မှတ်ဘဲ လူသားအားလုံး တန်းတူညီမျှ ရရှိပိုင်ဆိုင်ခွင့်ရှိစေရမည်ဟူသော မူဝါဒကို မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးလျက်ရှိပါကြောင်း၊ အာကာသ အသုံးပြုခြင်းကို တန်းတူညီမျှမှု ဖြစ်စေရေးအတွက် နည်းပညာများမျှဝေခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးခြင်းတို့ကို နိုင်ငံများက ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊  ယနေ့ကာလတွင် ဆိုင်ဘာမှုခင်းများ၏ အန္တရာယ်ကို နိုင်ငံတိုင်းက ရင်ဆိုင်ရလျက်ရှိကြောင်း၊ ကုလ သမဂ္ဂအထွေထွေညီလာခံက ဆိုက်ဘာမှုခင်းဆိုင်ရာ ကွန်ဗင်းရှင်း(United Nations Convention Against Cybercrime)ကို ရေးဆွဲပြီး၍ လက်မှတ်ရေးထိုးရန် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဥပဒေအား ၁-၁-၂၀၂၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ၃၀-၇-၂၀၂၅ ရက်နေ့တွင် အာဏာ တည်၍ ဆိုက်ဘာလုံခြုံရေးနှင့် အင်တာနက်အသုံးပြုခြင်း ကိစ္စများတွင် တရား မဝင် ဆောင်ရွက်ချက်များအပေါ် ဖော်ထုတ်အရေးယူရန် ဆောင်ရွက်ထားပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO)တွင် စဉ်ဆက်မပြတ် တက်ကြွစွာပါဝင် ခဲ့ပြီး ရှေ့ဆက်၍လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် နှစ်ပတ်လည် အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် (International Law Commission-ILC)မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပင်လယ်ပြင် ဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ နှစ်ပတ်လည် အစည်း အဝေး၌ တက်ရောက်လျက်ရှိသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

                                                                                                                   (သတင်းစဉ်)