နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များမှ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏ အကာ အကွယ်ကို အညီအမျှ ရရှိစေရေးဆိုင်ရာများနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံကိန်း ဆောင်ရွက်မည့် အစီအမံများအပေါ် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည် နယ်ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများအား ရှင်းလင်းဆွေးနွေး မှာကြားခြင်း

နေပြည်တော်၊ မေ ၁၀

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်သည် တိုင်းဒေသ ကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိ များအား နေပြည်တော်၊ ရုံးအမှတ် ၂၅ ရှိ ဥပဒေ‌ရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်ပိုင်းက တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များမှ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို အညီအမျှ ရရှိစေရေးဆိုင်ရာများနှင့် ဥပဒေ ရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံကိန်း ဆောင်ရွက်မည့် အစီအမံများအပေါ် ရှင်းလင်းဆွေးနွေး မှာကြားခြင်း ပြုလုပ်ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုတွေ့ဆုံမှုသည် အစိုးရအသစ်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ် အသစ်များကိုလည်း ခန့်အပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များသည် သက်ဆိုင်ရာ တိုင်း‌ဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ ဖြစ်သည့် အလျောက် အစိုးရအဖွဲ့ကို ဥပ‌ဒေအကြံဉာဏ်များပေးဖို့ တာဝန်ရှိသော်လည်း ဥပ‌ဒေ‌ရေးရာဝန်ကြီး ဌာန၏ ကြီးကြပ်မှုအောက်မှာသာ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေချုပ် များအနေဖြင့် ဥပဒေရုံးအဆင့်ဆင့်၏ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု မရှိစေရန်နှင့် စီမံ‌ရေးရာ ကိစ္စရပ်များကို ကြီးကြပ်ဆောင်ရွက်သွားရန် ပြောကြားလိုကြောင်း၊ လမ်းညွှန်ချက်နှင့် အညီ ဥပဒေ‌ရေးရာဝန်ကြီးဌာနအနေဖြင့် ရက် ၁၀၀ စီမံကိန်းအစီအမံများကို ချမှတ်ရာမှာ ယနေ့ ကျင်းပပြုလုပ်သည့် ဆွေနွေးပွဲသည် ရက်(၁၀၀) စီမံကိန်း၏ ပထမဦးဆုံး လုပ်ငန်းဆောင်ရွက်ချက် တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ ရက်(၁၀၀) စီမံချက်တွင် ဥပဒေအသိပညာပြန့်ပွားရေးနှင့် စပ်လျဉ်း၍   ပြည်သူနှင့် အနီးကပ်ဆုံးဖြစ်ပြီး အခြေခံအကျဆုံးဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များကို ဥပဒေနှင့်ပတ်သက်သော အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/  ပြည်နယ် ဥပဒေချုပ်များ အနေဖြင့်လည်း မိမိတို့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် များတွင် ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးမှူးများကို ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အစရှိသော ဥပဒေ အသိပညာများကို အခြေခံပညာ Grade 11 နှင့် Grade 12 သင်ဆရာ၊ ဆရာမ များအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆင့်ပွားသင်တန်း (TOT)များ ဖွင့်လှစ်ပို့ချ ခဲ့သလို ဆောင်ရွက် ပေးစေလိုကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်း အဆင့်မြင့်အရာရှိကြီး များအား ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း(Certificate of Legal Advocacy, CLA)များ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ အဓိကလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ သေချာရေရာမှု (Legal Certainty) ရှိခြင်းသည် တရားဥပဒေစိုးမိုးရေး (Rule of Law)၏ အညွှန်းကိန်း တစ်ရပ်ဖြစ်၍ ဥပဒေမူကြမ်းများမှာ Legal Certainty ရှိဖို့နှင့် စနစ်တကျရှိဖို့ အထူးလိုအပ်ပါကြောင်း၊ ၎င်းအပြင် ဥပဒေရေးထုံးရေးနည်း တစ်သမတ်တည်းရှိစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများနှင့် ဆန့်ကျင်မှုမရှိစေရန်၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများအကြား လုပ်ပိုင်ခွင့် ရောထွေးခြင်း၊ ထပ်ခြင်းမဖြစ်ပေါ်စေရန်အတွက် ဥပဒေမူကြမ်းများကို ဥပဒေမပြဋ္ဌာန်းမီ စိစစ် သုံးသပ်ခြင်း၊  ဥပ‌ဒေပြဋ္ဌာန်းပြီးနောက် လေ့လာသုံး သပ်ခြင်း၊ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ဥပဒေ ရေးထုံးရေးနည်းနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ခြင်းတို့ကို ဦးစီးဦးဆောင်ပြုစိစစ်သုံးသပ်ရန် ကိစ္စသည် တရားဥပဒေစိုးမိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဥပ ဒေနှင့် နည်းဥပဒေများကိုလည်း ပြန်လည်သုံးသပ်၍ ခေတ်ကာလနှင့် လျော်ညီအောင် ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရှေ့ပြေးဥပဒေရုံးများ(Pilot Law Office)မှ ဆောင်ရွက် လျက်ရှိသည့် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်းဆိုင်ရာ ကိစ္စသည် နစ်နာသူတို့၏ အခက်အခဲ များအပေါ် ဥပဒေရုံးများမှ နိုင်ငံတော်ကိုယ်စား အမှုမှန်ပေါ်ပေါက်စေရန် ဆောင်ရွက်ပေးသော ကိစ္စရပ် ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဥပဒေရုံးများအားလုံးတွင် တိုးချဲ့ ဆောင်ရွက်နိုင်ရန် လက်ရှိဆောင်ရွက် လျက်ရှိသော ရှေ့ပြေးဥပဒေရုံး လုပ်ငန်းများကိုလည်း ပိုမို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဥပဒေအရာရှိကျင့်ဝတ် (Code of Ethics for Law Officers)ကိုလည်း ပိုမိုသတိပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးအတွက် ဥပဒေအသိပညာ ဒီပလိုမာသင်တန်း (Diploma in Legal Advocacy, DLA) ဖွင့်လှစ်ခြင်း၊ ဥပဒေပညာအထူးပြုတက္ကသိုလ် ကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းများ ဖွင့်လှစ်ခြင်း၊ ရှေ့နေရှေ့ရပ်များအတွက် ဥပဒေအသိပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်းများအပြင် ပြည်ထောင်စုရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် (Certificate of Legal Advocacy, CLA) သင်တန်းများကို ၁ ကြိမ် လျှင် ၃၀ ဦးရေ ခန့်ဖြင့် ၅ နှစ်တာ ကာလအတွင်း ၁၅၀ ဦးမှ ၂၀၀ ဦးခန့်အထိ သင်တန်းများ ပို့ချပေးနိုင်ရန် လျာထားပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ‌ဒေါက်တာထိန်လင်းဦးက လိုအပ်သော လုပ်ငန်းဆိုင်ရာ လမ်းညွှန်မှုများကို လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များက မိမိတို့ဒေသ၏ လုပ်ငန်းဆောင်ရွက်မှု‌ အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေး ကြရာ ဝန်ကြီးရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများအပေါ် အသီးသီး ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ ဝန်ကြီးရုံး၊ အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများနှင့် ခရိုင်ဥပ‌ဒေအရာရှိများ စုံညီစွာတက်ရောက်ကြကြောင်း သိရသည်။

                                                                             (သတင်းစဉ်)