နေပြည်တော် ဇွန် ၇

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခမ်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အနေဖြင့် ဥပဒေပညာလေ့လာပြီး ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ် ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ်တစ်ခုခုရရှိရေးအတွက် ဆောင်ရွက်သင့်ကြောင်း စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌဖြစ်သည့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊
ယခုသင်တန်းတွင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအနေဖြင့် သိသင့်သိထိုက်သည့် ဥပဒေ ရေးရာ ကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှု၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာကိစ္စများ၊ အထွေထွေ ဥပဒေအကြံပေးရေးဆိုင်ရာ ကိစ္စများကို ဥပဒေရေးရာ နယ်ပယ်တွင် အတွေ့အကြုံများစွာရှိသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ အကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်ကြီးများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက သင်ကြားပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းသားများကိုလည်း ဥပဒေရေးရာ ကျွမ်းကျင်ကြောင်း အသိအမှတ်ပြုလက်မှတ်(Certificate)များ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ ဥပဒေသင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက ဥပဒေဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့မှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် အထွေထွေမန်နေဂျာစသည့် သင်တန်းသားသင်တန်းသူ စုစုပေါင်း (၃၇) ဦး တက်ရောက်ကြကြောင်း၊
ယခင်ဖွင့်လှစ်ခဲ့သည့်သင်တန်း အမှတ်စဉ်(၁) နှင့် အမှတ်စဉ်(၂)တွင် တက်ရောက်ခဲ့သည့် သင်တန်းသားများ၏ တုံ့ပြန်ချက်များအရ ဤသင်တန်းသည် ဥပဒေအသိပညာ ဗဟုသုတများစွာ ရရှိသည်ဟု သိရပါကြောင်း၊ ယခုသင်တန်းကို အပတ်စဉ် ကြာသာပတေးနေ့၊ သောကြာနေ့နှင့် စနေနေ့များတွင် နံနက် ၇း၃၀ နာရီမှ ၁၀ နာရီထိ ရက်သတ္တပတ် (၁၀) ပတ်ကြာ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေပညာ ရပ်များကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ဝန်ကြီးဌာန အကျိုး၊ နိုင်ငံတော်အကျိုးအတွက် ကောင်းစွာဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးကျော်စိန်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ တက်ရောက်ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံလည်း ရိုက်ကူးကြသည်။
သတင်းစဉ်
