ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ သြဂုတ်လ ၁၁

          ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၆ လ တစ်ကြိမ် ကျင်းပလျက်ရှိပါကြောင်း၊ အစည်းအဝေး တစ်ကြိမ်နှင့် တစ်ကြိမ် ကာလအတွင်း ဥပဒေရုံးအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများ သိသာစွာ တိုးတက်ကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရေး ကဏ္ဍတိုးတက်ကောင်းမွန်ရေးတွင် ဥပဒေရုံးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီး ပါကြောင်း၊ မှုခင်းများကို လိုက်ပါဆောင်ရွက်ရာတွင် ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အဂတိတရားကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အများပြည်သူ ယုံကြည် ကိုးစားသည့် တရားစီရင်ရေးစနစ် ပေါ်ထွန်းလာရေးအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊  ဥပဒေအရာရှိများသည် မိမိတို့တာဝန်ကို ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ တရားမစွဲမီ ဥပဒေအကြံပေးခြင်းနှင့်စပ်လျဉ်း၍ ရဲစက္ကူ အမှုတွဲများကို စေ့စပ်သေချာစွာ လေ့လာ၍ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည့်ပြည့်စုံစုံ အကြံပြု ရမည်ဖြစ်ပါကြောင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် အယူခံမှု၊ ပြင်ဆင်မှုများ တက်ရောက်ရာတွင် သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်အောက်ခံဥပဒေရုံးများ၏ အကြံပြုချက်အပေါ် အထက်အဆင့် ဥပဒေရုံးများက အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းတို့တွင် အမြန်ဆုံးအကြောင်း ပြန်ကြားရန် လိုအပ်ပါကြောင်း၊ ဥပဒေရုံးများ၏ အမှုကိစ္စ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်လာရန် အတွက် ရှေ့ပြေးဥပဒေရုံးများကို  မော်လမြိုင်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ပြင်ဦးလွင် ခရိုင်ရုံးများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ဥပဒေအရာရှိများသည် အရည်အချင်းသာမက ကျင့်ဝတ်သိက္ခာတွင်လည်း တိုးတက်ကောင်းမွန်ရန် လိုအပ် ပါကြောင်း၊ ယခုအခါ ဥပဒေအရာရှိကျင့်ဝတ်ကို ပြုစုထားရှိပြီးဖြစ်၍ ယင်းနှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ရမည်ဖြစ်ပါကြောင်း၊ အရည်အချင်း ပြည့်ဝပြီး ကျင့်ဝတ်စည်းကမ်း များနှင့်အညီ ​အဂတိကင်းရှင်းစွာဖြင့် အများအကျိုးကို သယ်ပိုးရွက်ဆောင်နိုင်ကြစေရန် ဥပဒေချုပ်များနှင့် ဥပဒေရုံးအဆင့်ဆင့် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၂-၈-၂၀၁၆ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဥပဒေစိစစ်ရေး၊ ဥပဒေအကြံဉာဏ်ပေးရေး၊ တရားစွဲနှင့်အမှုလိုက် လုပ်ငန်း၊ စီမံရေးရာနှင့် ဘဏ္ဍာရေးကိစ္စများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ တက်ရောက်ကြောင်း  သိရှိရပါသည်။

                                                                                                (သတင်းစဉ်)