နေပြည်တော်၊ အောက်တိုဘာ ၃၁

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဒိန်းမတ်ပါလီမန်၊ ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌဖြစ်သူ H.E. Mr. Henrik Thorup Gamst နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၂:၄၅ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဆောင်ရွက်နေသည့်စီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများ၊ ဥပဒေအထောက်အကူ ပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံသံရုံး တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး တိုးမြှင့်ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
