နေပြည်တော်၊ ဇန်နဝါရီ ၁၄

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဌာန်းခဲ့ပါကြောင်း၊ ဥပဒေ ပြဌာန်းပြီး ၂ လ အကြာတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်းသည့် ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲစာချုပ် (Optional Protocol to the Convention on the Rights of the Child on the Involvement of Children in Armed Conflict) သို့ အတည်ပြု ဝင်ရောက်ခဲ့ခြင်းသည် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် ထိခိုက်နစ်နာမှုကို အကာအကွယ်ပေးခြင်း အတွက်လည်းကောင်း၊ ကလေးများ၏ အကျိုးအတွက်လည်းကောင်း၊ ကောင်းမွန်သည့် ဆောင်ရွက်ချက် တစ်ခုပင် ဖြစ်ပါကြောင်း၊ ယင်းဥပဒေအခန်း ၁၇ တွင် ကလေးသူငယ်များ လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်မှုနှင့် ထိခိုက်နစ်နာမှုများကို ကာကွယ်နိုင်ရန်အတွက် ထည့်သွင်းပြဌာန်းထားပါကြောင်း၊ ယင်းပြဌာန်းချက်များအား အများပြည်သူနှင့် ဥပဒေ အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများ သိရှိနိုင်ရန်အတွက် ဥပဒေအသိပညာ ပေးရေးလုပ်ငန်းများကို ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေကို အကောင်အထည်ဖော်ရာတွင် ထိရောက်မှုနှင့် အကျိုးသက်ရောက်မှု ရှိစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး သည် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာစီမံကိန်းများတွင် ကုလသမဂ္ဂအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ Country Tasks Force on Monitoring and Reporting (CTFMR)၏ လုပ်ငန်းစဉ်များတွင်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
