နေပြည်တော်၊ ဇူလိုင် ၁၅

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် IDLO မှ Country Manager ဖြစ်သူ Ms. Morgane Landel အား ယနေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် IDLO တို့အကြား ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် သင်ကြားပို့ချလျက်ရှိသော ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းဝင် သင်တန်းတွင် IDLO မှ ဆွေးနွေးပို့ချမည့်အစီအစဉ်များ၊ IDLO မှ နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးနေသော တရားဥပဒေစိုးမိုးရေးစင်တာ များ၏ လုပ်ငန်းစဉ်များနှင့် Covid-19 ကူးစက်ရောဂါထိန်းချုပ်ကာလအတွင်း Online မှတဆင့် IDLO က ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေး လုပ်ငန်း များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုလှိုင် နှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသန့်ဇင် တို့ တက်ရောက်ခဲ့ကြ ပါသည်။
(သတင်းစဉ်)
