ပြည်ထောင်စုရှေ့နေချုပ် သည် UNDP မှ Resident Representative ဖြစ်သူ Mr. Titon Mitra အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ

နေပြည်တော်၊  နိုဝင်ဘာ  ၁၁

         ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNDP မှ Resident Representative ဖြစ်သူ Mr. Titon Mitra အား Virtual Meeting ဖြင့် ယနေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် UNDP တို့အကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် COVID-19 ကူးစက်ရောဂါအလွန်ကာလတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် UNDP အနေဖြင့် ပံ့ပိုးနိုင်မည့် ကိစ္စရပ်များ၊ UNDP ၏ အကူအညီဖြင့် ထုတ်ဝေခဲ့သည့် ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ် နှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပို့ချဆွေးနွေး နိုင်ရေး ကိစ္စရပ်များ၊ အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေးလု ပ်ငန်းစဉ်တွင် UNDP မှ အသိပညာနှင့် နည်းပညာများ ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများရှိ ဥပဒေအရာရှိများ၏ အင်္ဂလိပ်သာသာစကား စွမ်းရည်မြှင့်တင်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

   အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုလှိုင်တို့ တက်ရောက်ခဲ့ကြ ပါသည်။

                                                                                                              (သတင်းစဉ်)