နေပြည်တော်၊ ဧပြီ ၂


ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြေညီထပ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အမှာစကား ပြောကြားပါသည်။
ထိုသို့ ပြောကြားရာတွင် မဟာသင်္ကြန် ကာလအတွင်း အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် အေးချမ်းစွာ တရားဘာဝနာအားထုတ်နိုင်ရန်၊ ကုသိုလ်ကောင်းမှု များပြုလုပ် လှူဒါန်းနိုင်ရန်နှင့် အခြားအုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် အထောက်အပံ့ ဖြစ်စေရန်အလို့ငှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဝန်ထမ်းသက်သာချောင်ချိရေးကော်မတီ ရန်ပုံငွေနှင့် စာအုပ်ထုတ်ဝေရေးကော်မတီ ရန်ပုံငွေတို့မှ ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အရာထမ်း၊ အမှုထမ်း ၅၃၃ ဦးတို့ကို တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် စုစုပေါင်း ကျပ် ၅၃,၃၀၀,၀၀ဝိ/- (ငါးရာ သုံးဆယ့် သုံးသိန်း) ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြစ်ပါကြောင်းနှင့် နှစ်သစ်ကို စိတ်အေးချမ်း ပျော်ရွှင်စွာ အနားယူပြီး ရုံးများ ပြန်လည်တက်ရောက်သည့်အခါ ပျော်ရွှင်တက်ကြွစွာဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တို့က ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များအား မိမိတို့ ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများကို ထပ်ဆင့်ထုတ်ပေးနိုင်ရန် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
