ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ မေ ၃

တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် (၁၀:၀၀)နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ဥပဒေစိစစ်အကြံပြုရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၁ တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ “ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ဥပဒေများ ရေးဆွဲပြီး ပြဋ္ဌာန်းခြင်း မပြုနိုင်သေးသည့် ဥပဒေများစွာ ရှိသည်ဟုသိရှိရကြောင်း၊ တက္ကသိုလ်များရှိ ဥပဒေ ဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို ထုတ်နုတ်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပူးပေါင်း၍ ဥပဒေများ အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ရန်”ဟု လမ်းညွှန်ချက် အရ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မတ် ၉ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလော ပြဋ္ဌာန်း သင့်သည့် ဥပဒေကြမ်းများစာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံးသို့ တင်ပြခဲ့ ကြောင်း၊ တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)မှာ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၉-က ကို ဖြည့်စွက်ခြင်းဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ တရားစီရင်ရေးလုပ်ငန်း စဉ်၏ သီးခြားဖြစ်သော အငြင်းပွားသူများအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်း နည်းလမ်းတစ်ရပ်အဖြစ် Mediation လုပ်ငန်းစဉ် ထူထောင်ရန်အတွက် လိုအပ်ချက်ဖြစ်ပြီး  နိုင်ငံတော်က ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်မှုမရှိသည့်အပြင် လတ်တလော ပြဋ္ဌာန်းရန် လိုအပ်သည့်ဥပဒေဖြစ်ကြောင်း၊ လတ်တလော ပြဋ္ဌာန်းရန်သင့်သည့် အခြားဥပဒေများနှင့် စပ်လျဉ်း ၍လည်း ယခုကဲ့သို့ အစည်းအဝေးများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများက တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပုဒ်မ ၈၉-က(မူကြမ်း)နှင့် စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။

(သတင်းစဉ်)