နေပြည်တော်၊ မေလ ၁၉ ရက်

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review- UPR) လုပ်ငန်းအဖွဲ့၏ ၃၇ကြိမ်မြောက် အစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အကြံပြုချက်များ နှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦိး တို့တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အကြံပြုချက် ၁၈၉ ချက် အပေါ် မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို လာမည့်ဇွန်လအတွင်း UPR လုပ်ငန်းအဖွဲ့သို့ ပေးပို့ရမည် ဖြစ်ပါကြောင်း၊ အကြံပြုချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများက လက်တွေ့ ဆောင်ရွက်နေမှုကို အခြေခံ၍ သုံးသပ်ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ အကြံပြုချက်အချို့နှင့် စပ်လျဉ်း၍ လမ်းညွှန်မှု ခံယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်သော မြန်မာနိုင်ငံသည် UPR ပထမအကျော့ အစီရင်ခံစာကို ၂၀၁၀ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကျော့ အစီရင်ခံစာကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း တင်သွင်းခဲ့ပါ ကြောင်း၊ တတိယအကျော့အစီရင်ခံစာကို ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် တင်သွင်းရန် အလည့်ကျခဲ့သဖြင့် အစီရင်ခံစာ တင်သွင်းနိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်၍ရေးသားပြုစုခဲ့ပါကြောင်း၊ အဆိုပါ အစီရင်ခံစာကို ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ်(Universal Periodic Review- UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ အတည်ပြုချက်ဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်ရုံးမှတစ်ဆင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)သို့ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ သတ်မှတ်ရက်အတွင်း ပေးပို့ခဲ့ပါကြောင်း၊ တတိယအကျော့ အစီရင်ခံစာအပေါ် UPR လုပ်ငန်း အဖွဲ့၏ ၃၇ ကြိမ်မြောက် အစည်းအဝေး ကာလအတွင်း၂၅-၁-၂၀၂၁ ရက်နေ့တွင် သုံးသပ်မှု ခံယူခဲ့ရာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် ၁၀၆ နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အကြံပြုချက် ၃၅၄ ချက်ကို အကြံပြုခဲ့ကြပါကြောင်း၊ အကြံပြုချက် ၃၅၄ ချက် အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ၂၇-၁-၂၀၂၁ ရက်နေ့တွင် ပြန်ကြားခဲ့ရာ အကြံပြုချက် ၁၁၉ ချက်အပေါ် လက်ခံသည်ဟူ၍ လည်းကောင်း၊ အကြံပြုချက် ၄၆ ချက် အပေါ် မှတ်သား ထားသည်ဟူ၍လည်းကောင်း၊ အကြံပြုချက် ၁၈၉ ချက်အပေါ် စိစစ် ပြန်ကြားမည်ဟူ၍ လည်းကောင်း ပြန်ကြားခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြန်ကြားရန် ကျန်ရှိသည် အကြံပြုချက် ၁၈၉ ချက်ကို သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအပေါ် မူတည်၍ လက်ခံရန် သင့် မသင့် ဆွေးနွေးကြမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
