

နေပြည်တော်၊ မေ ၅
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ Ms. Yoko KAMIKAWA ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်၏ ဖွဲ့စည်းပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းတာဝန်များ၊ တရားစီရင်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် ရှေ့ပြေး ဥပဒေရုံးများ(Pilot Law Offices) တည်ထောင်ဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တရားလွှတ်တော်ရှေ့နေ များကောင်စီ၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေမှုများ၊ Bar Council Act ပြင်ဆင်ရေးနှင့် ရှေ့နေများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် လိုအပ်ချက်များ၊ ဥပဒေရေးရာနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးရာ ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်က နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေစနစ်များ ကောင်းမွန်ခိုင်မာရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ ဥပဒေရေးရာကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူ့စွမ်းအားအရင်းအမြစ် ရရှိရေးအပါ အဝင် လိုအပ်သည့်ကဏ္ဍများတွင် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ ပိုမို လာရောက် ရင်းနှီးမြှုပ်နှံရန် နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် JICA တို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
