ပြည်ထောင်စုရှေ့နေချုပ်က JICA Myanmar Office မှ ဌာနေကိုယ်စားလှယ် Mr.Keiichiro Nakazawa အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် ၉

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် JICA Myanmar Office မှဌာနေကိုယ်စားလှယ် Mr. Keiichiro Nakazawa ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၁၁:၁၅ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ်ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့အကြား ၂၀၁၃-၂၀၁၈ ခုနှစ် ကာလ လုပ်ငန်းစီမံကိန်း ပထမအဆင့်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥပဒေရေးရာကဏ္ဍ နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အဆိုပါ လုပ်ငန်းစီမံကိန်းအား ဒုတိယအဆင့်အဖြစ် သက်တမ်းတိုးမြှင့်၍ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်အစိုးရက ဖွဲ့စည်းခဲ့သော တရားဥပဒေစိုးမိုးရေးဌာနများနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းများတွင် JICA အနေဖြင့် ပါဝင်ကူညီဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသောဒေါ်ခင်ချိုအုန်း နှင့် ဦးမင်းဆွေ တို့အပြင် JICA Myanmar Office တွင် ဌာနေကိုယ်စားလှယ်အသစ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Masayuki Karasawa တို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)