နေပြည်တော်၊ ဧပြီ ၂၇

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည်ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E Mr. Peter Lysholt Hansen အား ယနေ့မွန်းလွဲ ၁၄:၃၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် နိုင်ငံသံရုံးက ပါဝင်ကူညီဆောင်ရွက်ပေးမှုအပေါ်ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးလက်အောက်ရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိများက နိုင်ငံတော် ကိုယ်စား အမှုလိုက်ပါဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ရှင်းလင်းပြောကြားပြီး တရားမျှတမှုကဏ္ဍ တိုးတက် ကောင်းမွန်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့ကြား ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ကျော်နိုင် နှင့် ဒေါ်ဖြူမာဝေ တို့လည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
