နေပြည်တော်၊ မေ ၉

ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးအား မြန်မာနိုင်ငံတွင် တရားမျှတမှုစင်တာများဖွင့်လှစ်၍ ပြည်သူအကျိုးပြုဆောင်ရွက်နေသော My Justice အဖွဲ့ခေါင်းဆောင် Ms. Caitlin Regier၊ စီမံကိန်းအရာရှိ Mr.Vaclav Svejda နှင့် EU အဖွဲ့မှ ပူးပေါင်းညှိနှိုင်းရေးမှူး Dr.Johann Hesse အဖွဲ့တို့အား ပြည်ထောင်စုရှေ့နေ ချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ လက်ခံ ဆွေးနွေးမှုပြုလုပ်ပါသည်။
ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ ဆက်စပ်မှု၊ ပြည်သူများတရားမျှတမှုနှင့် လက်လှမ်းမီရေး၊ မြန်မာနိုင်ငံတရားစီရင်မှု အကျိုးသက်ရောက်ရေး အတွက် ပြည်သူများထံသို့ ပြည်တွင်းဥပဒေများနှင့် အခြေခံအခွင့်အရေးများကို လိုအပ်ချိန်တွင် လျင်မြန်စွာ အကူအညီပေးနိုင်ရေးအတွက် Mobile Application ဆောင်ရွက်နေမှုများကို Application ရေးဆွဲနေသည့် ပညာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
