ပြည်ထောင်စုရှေ့နေချုပ်က Japan Fedration of Bar Associations(JFBA)၏ International Exchange Committee မှ ဥက္ကဌ ဖြစ်သူ မစ္စတာ အိကဲအုချီ မာဆာတိုရှီ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

နေပြည်တော်၊  ဇန်နဝါရီ   ၁၄

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Japan Fedration of Bar Associations (JFBA)၏ International Exchange Committee မှ ဥက္ကဌ ဖြစ်သူ မစ္စတာ အိကဲအုချီ မာဆာတိုရှီ  နှင့်အဖွဲ့အား ယနေ့ ညနေ ၁၅:၀၀ နာရီ အချိန် တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့အကြား ပူးပေါင်းဆောင်ရွက် ခဲ့သည့်ကိစ္စရပ်များ၊   မြန်မာနိုင်ငံရှေ့နေများနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရှေ့နေရှေ့ရပ် နှင့် ရှေ့နေအသင်းများ ဖွဲ့စည်းတည်ရှိမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ တရားလွှတ်တော်ရှေ့နေ များကောင်စီ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥပဒေ ပြင်ဆင်ပြဌာန်း ဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍများအား နှစ်ဖက်ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ လည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)