ပြည်ထောင်စုရှေ့နေချုပ်သည် UNDP(မြန်မာ)မှ ဌာနေအကြီးအကဲ Mr. Peter Batchelor နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  ဇန်နဝါရီ  ၃၁

       ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNDP(မြန်မာ)မှ ဌာနေအကြီးအကဲ Mr.Peter Batchelor နှင့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ ပြည်သူအတွက်တရားမျှတမှု ” မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၃)အရ ၂၀၁၉ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ “တရားဥပဒေစိုးမိုးရေးဆီသို့” မဟာဗျူဟာစီမံကိန်း ပထမ အဆင့်သည် ၂၀၁၉ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်၍ ဒုတိယအဆင့် ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များ၊ UNDP နှင့် IDLO တို့ ဖွင့်လှစ်ထားသည့် တရားဥပဒေစိုးမိုးရေး စင်တာ များ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးနှင့် တရား ဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ် များနှင့် UNDP ၏ နည်းပညာဆိုင်ရာပံ့ပိုးကူညီမှုများကို ဆွေးနွေးခဲ့ကြပါသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ်  ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့  တက်ရောက်ခဲ့ကြပါသည်။

                                                                                                          (သတင်းစဉ်)