နေပြည်တော်၊ မတ် ၁၂

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗြိတိန်နိုင်ငံမှ ဥပဒေပညာရှင် Sir Jeff- rey Jowell QC အား ယနေ့ ညနေ ၁၆:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဥပဒေရေးရာနှင့် တရားစီရင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံကို ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံမှ ရရှိသည့် အကြံပြုချက်များ၊ ဆွေးနွေးမှု ရလဒ်များအပေါ် အခြေပြုရေးဆွဲခဲ့သည့် “ပြည်သူ့အတွက် တရားမျှတမှု” မဟာဗျူဟာ စီမံကိန်း(၂၀၁၉-၂၀၂၃) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့နှင့် အဖွဲ့ခွဲများ၏ လုပ်ငန်းများ၊ တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေပြင်ဆင်ဆောင်ရွက် နေမှုနှင့် တရားစီရင်ရေး ကဏ္ဍ တိုးတက်ကောင်းမွန်ရေးအတွက် ရှေ့နေများ၏ အခန်းကဏ္ဍ၊ UNDP နှင့် IDLO တို့၏ တရားဥပဒေ စိုးမိုးရေးစင်တာများမှ ဥပဒေအသိပညာ ပေးလုပ်ငန်း များ၊ MyJustice နှင့် IBJ တို့၏ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး လုပ်ငန်းများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဒေါက်တာ သီတာဦးနှင့် ဒေါက်တာ ဆွေဆွေအောင်တို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
