နေပြည်တော်၊ ဇူလိုင်လ ၁၈ ရက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာ (China-ASEAN Legal Research Center) တို့အကြား ချုပ်ဆိုမည့် ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး နှင့် ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာသီသီမြင့် ၊ ဦးကျော်ကျော်နိုင်တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ် (Southwest University of Political Science and Law) မှ ပါမောက္ခချုပ် Mr.Wu Yu Hong နှင့် ပါမောက္ခများ၊ တရုတ်-အာဆီယံဥပဒေရေးရာသုတေသနစင်တာမှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Zhang Xiao Jun နှင့် တာဝန်ရှိသူများနှင့် ချုံချင့်မြို့ မြန်မာ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရုတ်-အာဆီယံဥပဒေရေးရာသုတေသနစင်တာသည် China Law Society ၏ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အနောက်တောင်ပိုင်းနိုင်ငံရေးသိပ္ပံနှင့်ဥပဒေတက္ကသိုလ်တွင် ၂၀၁၀ ခုနှစ်တွင် တည်ထောင် ခဲ့သည်ကို သိရှိရပါကြောင်း၊ တရုတ်-အာဆီယံဥပဒေရေးရာသုတေသနဌာနနှင့် မြန်မာနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တရုတ်-အာဆီယံဥပဒေရေးရာ သုတေသနဌာနတွင် နှစ်စဉ်ပို့ချပေးသည့် ဥပဒေရေးရာသင်တန်းများကို စဉ်ဆက်မပြတ် ဥပဒေရေးရာဝန်ကြီးဌာနမှ အရာရှိများ ကိုဗစ်ကာလမတိုင်မီအထိ တက်ရောက်ခဲ့ပါကြောင်း၊ တရုတ်-အာဆီယံဥပဒေ ရေးရာသုတေသန ဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ China- ASEAN Legal Review (2017 Myanmar Volume) ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ တရုတ်-အာဆီယံဥပဒေ ရေးရာသုတေသနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုမှ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်တွင် ပါရဂူဘွဲ့အတွက် ၂၀၁၅ ခုနှစ်မှစ၍ ယနေ့ အထိ ဥပဒေရေးရာဝန်ကြီးဌာနမှ အရာရှိ ၈ ဦိးတက်ရောက်ခဲ့ပြီး ဥပဒေပါရဂူဘွဲ့ကို ရရှိခဲ့ပါကြောင်း၊ ဆက်လက်၍လည်း ယင်းတက္ကသိုလ်တွင် အရာရှိ ၂ ဦး ပါရဂူဘွဲ့အတွက် တက်ရောက်လျှက် ရှိပြီး နောက်ထပ် အရာရှိ ၂ ဦးအား ပါရဂူဘွဲ့တက်ရောက်နိုင်ရန် ရွေးချယ်ထားပါကြောင်း၊ ထို့ပြင် China Scholarship Council ၏ ပံ့ပိုးပေးမှုဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ အရာရှိ ၂ ဦး ကို မဟာဥပဒေဘွဲ့အတွက်လည်းကောင်း၊ အရာရှိ ၂ ဦးကို ပါရဂူဘွဲ့အတွက်လည်းကောင်း တရုတ် နိုင်ငံရှိ အခြားတက္ကသိုလ်များကို တက်ရောက်ရန် စေလွှတ်ထားပါကြောင်း ပြောကြားခဲ့သည်။
ဥပဒေရေးရာဝန်ကြီးဌာနသည် ၂၀၂၀-၂၀၂၄ မဟာဗျူဟာစီမံကိန်းကို “တရားမျှတရေး အတွက် ဥပဒေဝန်ဆောင်မှု” ခေါင်းစဉ်ဖြင့် ရည်မှန်းချက်(၅)ခုချမှတ်ကာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယင်းရည်မှန်းချက်တွင် မိတ်ဖက်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် တရုတ်-အာဆီယံဥပဒေရေးရာ သုတေသနစင်တာနှင့် ဥပဒေရေးရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဤနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းနားလည်းမှုစာချွန်လွှာအရ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာတို့အကြား ဥပဒေရေးဆွဲရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ဥပဒေအသိပညာ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း နယ်ပယ်များတွင် အဓိကထား၍ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စာချုပ်ဝင်များအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေစနစ်များ၊ ဥပဒေ ပြုခြင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် အတွေ့အကြုံများကို ဖလှယ်ခြင်း၊ အဖွဲ့အစည်းနှစ်ခု အကြား ဥပဒေရေးရာဆွေးနွေးပွဲများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပခြင်း၊ စာချုပ်ဝင်နှစ်ဖက်အကြား လေ့လာရေးခရီးများ သွားရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းနှင့် ပညာတော်သင်များ စေလွှတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤနားလည်မှု စာချွန်လွှာ ရေးထိုးခြင်းကြောင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံအကြားရှိ ဥပဒေစနစ် မတူညီ မှုများ၊ ဘာသာစကားများ၊ နိုင်ငံရေးမူဝါဒနှင့် ယဉ်ကျေးမှုစနစ်တို့ကို အပြန်အလှန်အားဖြင့် လေ့လာနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ထိရောက်မှု ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ကို ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အနောက်တောင်ပိုင်းနိုင်ငံရေး သိပ္ပံနှင့် ဥပဒေ တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခ (Honorable Professor)” အဖြစ် ခန့်အပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က “ဂုဏ်ထူးဆောင်ပါမောက္ခ (Honorable Professor)” အဖြစ်ခန့်အပ်ခြင်းကို လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)
