နေပြည်တော်၊ ဧပြီ ၂၂

ဥပဒေရေးရာဝန်ကြီဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရုံးအမှတ် ၂၅၊ ဥပဒေရေးရာဝန်ကြီးဌာန အဆောက်အဦပေါ်တီကိုတွင် ယာယီရုံးခန်းဖွင့်လှစ်ပြီး သင်္ကြန်ရုံးပိတ် ရက်အပြီး ရုံးပြန်လည်တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မဟာသင်္ကြန် ရုံးပိတ်ရက်များပြီးနောက် ရုံးပြန်လည်စတင်ဖွင့်လှစ်သည့် ယနေ့မှာပင် ဝန်ထမ်းအားလုံးနီးပါး ရုံးတက်ရောက်လာကြပြီး အရာထမ်း၊ အမှုထမ်းများကိုလည်းကျန်းမာစွာဖြင့် တွေ့ရှိရ၍ ဝမ်းသာပီတိဖြစ်ရကြောင်း၊ ရုံးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအလိုက် စည်းလုံးညီညွတ်စွာဖြင့် အရှိန်အဟုန်မပျက်စေရန်နှင့် ပူးပေါင်းဆောင်ရွက်ကြစေရန် မှာကြားလိုကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အဆောက်အဦ ပျက်စီးဆုံးရှုံးမှုများရှိ၍ ပြောင်းရွှေ့နေထိုင်ကြရသည့် အခက်အခဲများကြားမှ ရုံးပြန်လည်တက်ရောက် တာဝန်ထမ်းဆောင်ကြခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ရုံး စည်းလုံးညီညွတ်မှုဖြင့် အခက် အခဲများစွာကို ကျော်ဖြတ်ပြီး ရုံးလုပ်ငန်းများကို မြန်မြန်ဆန်ဆန် ဖြင့် ပြန်လည်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အသင့်စားသုံးနိုင်ရန် ထမင်းဘူးများ ဖြန့်ဝေပေးခြင်းဖြင့် လတ်တလော စားသောက်ရေးကို အဆင်ပြေနိုင်ရန် စီစဉ်ပေးထားကြောင်း၊ ယခုလကုန်အထိ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ စားဝတ်နေရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ကုလားပဲနှင့် ဟင်းချက်စရာများကို စီစဉ်ပေးထားရှိပေးသွားမည်ဖြစ်ကြောင်း၊ အခက်အခဲများကို စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြစေလိုကြောင်း ပြောကြားပြီး ယာယီရုံးခန်းတွင် ဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနကားဝင်းအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မှီခိုသူများ ယာယီစုစည်းထားရှိသည့်နေရာ၌ မိသားစုဝင်များ၏ နေထိုင်စားသောက်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
