နေပြည်တော် ဖေဖော်ဝါရီလ ၁၁ ရက်

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူက လက်ရှိအသုံးပြုလျက် ရှိသည့် ၁၉၂၀ ပြည့်နှစ်၊ အိန္ဒိယအက်ဥပဒေအမှတ်၃၄ ဖြင့် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံကူးလက်မှတ် အက်ဥပဒေသည် လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှု မရှိ၍ နိုင်ငံကူးလက်မှတ်အတုအပ ပြုလုပ်ခြင်း၊ အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ် ကဲ့သို့ ပြင်ဆင်ပြောင်းလဲ၍ အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြုစေခြင်း စသည့် မဟုတ်မမှန် လိမ်လည် ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျော ညီထွေဖြစ်စေရန် ဥပဒေအသစ် ရေးဆွဲရခြင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြဆွေးနွေးပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာဥပဒေ (မူကြမ်း) တွင် ပါဝင်သော အကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံကူးလက်မှတ် ဆိုင်ရာဥပဒေ (မူကြမ်း)ကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုူရှိစေရန် ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ်ကြောင်း သုံးသပ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းစဉ်
