နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက်

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀: ၀၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက လူကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာလုပ်ငန်း ကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်တို့က Online မှ Virtual စနစ်ဖြင့် လည်းကောင်း တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမား ပပျောက်ရေး သည် မျက်မှောက်ခေတ်၏ Global Issue တစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက်ကြီးမားသည့် စိန်ခေါ်မှု ဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန် အဖြစ်ခံယူပြီး ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ကို ချမှတ်အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၈ ရပ် ဖွဲ့စည်းထားရာတွင် ဥပဒေရေးရာ လုပ်ငန်းကော်မတီကလည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီအနေဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး အမျိုးသားအဆင့်ကော်မတီသို့ တင်ပြခဲ့ပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အတည်ပြုထားပြီးဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ဥပဒေရေးရာလုပ်ငန်းများ တိုးတက်မှုအခြေအနေများကိုလည်း လေ့လာ သုံးသပ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေပိုင်းဆိုင်ရာများအား နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီပြင်ဆင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေဖို့ ဦးစားပေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများကို လိုအပ် သလို ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်း ပြုနိုင်ရန်အတွက် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး မြန်မာ နိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ အကြံပြုချက်များ တင်ပြ သွားမည် ဖြစ်သည့်အတွက် အကြံပြု ချက်များရှိပါက မိမိတို့ကော်မတီသို့ ပေးပို့အကြံပြု စေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဥပဒေရေးရာ လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ဥပဒေရေးရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်က စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများနှင့် ကလေးအလုပ်သမား ပပျောက်ရေးနှင့် စပ်လျဉ်းသည့် ဟောပြောပွဲများ ကျင်းပပြုလုပ်ရာတွင် အသုံးပြု ရမည့် ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် ကောက်နုတ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များ ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာ လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးက ပဉ္စမ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်(၄)ချက်ကို ရှင်းလင်းတင်ပြကာ အတည်ပြုချက် ရယူခဲ့ကြောင်းနှင့် အစည်းအဝေးကို နေ့လယ် ၁၂:၀၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
