ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့  လာရောက်လေ့လာ

နေပြည်တော် ၊ ဇူလိုင် ၂၆

ယနေ့ မွန်းလွဲ (၂:၃၀)နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့   လာ​ရောက်လေ့လာသော    ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာသီသီလွင် ဦးဆောင်သော  ကျောင်းသား/ကျောင်းသူတို့အား ကြိုဆိုသည့်အခမ်းအနားကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် စီမံရေးရာဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊  ဥပဒေများစိစစ် အကြံပြုရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ စိစစ်အကြံပြုခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ   လုပ်ငန်းများကိုလည်းကောင်း၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးက အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေရေးရာ၊ စီးပွားရေးစာချုပ်စာတမ်းများနှင့် အထွေထွေဥပဒေအကြံဉာဏ်ပေးရေး လုပ်ငန်းများကိုလည်းကောင်း၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက တရားမစွဲမီဥပဒေအကြံဉာဏ်ပေးခြင်း၊ နိုင်ငံတော်ကိုယ်စား ပြစ်မှုဆိုင်ရာအမှုများနှင့် တရားမမှုများ လိုက်ပါဆောင်ရွက်ခြင်း၊ ပြစ်မှုဆိုင်ရာနှင့် တရားမအယူခံမှု ပြင်ဆင်မှုများစိစစ်ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနှင့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ အတွက် အမှုလိုက်ပါဆောင်ရွက်ခြင်းကိုလည်းကောင်း ဦးစီးဌာနအလိုက် ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ယင်းနောက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေပညာဌာနမှ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာသီသီလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကြပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။

          သတင်းစဉ်