နေပြည်တော်၊ မတ် ၂၃

ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၃:၀၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဖွဲ့ ဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၌ ARSA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း၊ ရဲစခန်းနှင့် တပ်မတော်တပ်ရင်းတို့အား တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry – ICOE) ၏ အပြီးသတ် အစီရင်ခံစာအရ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် အဓိကအားဖြင့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များအတွင်း နေရာ ၁၃ ခု ၌ ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပြီး အရေးယူပြီး၊ အရေးယူဆဲ၊ စုံစမ်းစစ်ဆေးအရေးယူမည့်အမှုများကို စိစစ်ခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူမည့် အမှုများအနက်မှ ဦးစားပေး ဆောင်ရွက်မည့်အမှုများကို ယခုအစည်းအဝေးတွင် တင်ပြရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယင်းချမှတ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပူပေါင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ (Task Force) ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေး အဖွဲ့၏ အမိန့်အမှတ်၊ ၁/၂၀၂၀ ဖြင့် ထပ်မံ ဖွဲ့စည်းခဲ့ပါကြောင်း၊ ယနေ့ကျင်းပသော အစည်းအဝေးတွင် ပထမသတင်းပေး တိုင်ချက်ဖွင့်လှစ်ရန် လျာထားသည့် အမှုစာရင်းများ ဆွေးနွေးညှိနှိုင်း အတည်ပြုပြီး အမှုဖွင့်လှစ်နိုင် ရန် စုံစမ်းစစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အမှုဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စုံစမ်း စစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ မြန်ဆန်ထိရောက်စေရန် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ICOE အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း ပြစ်မှုများကျူးလွန်သူများအား စုံစမ်းဖော်ထုတ် တရားစွဲဆိုနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပါသည်။
(သတင်းစဉ်)
