နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ရက်

ရှေ့နေများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဒေါ်ခင်မေရီ ၊ ဥပဒေမူကြမ်းစိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်ခင်မေရီက ရှေ့နေ အဖြစ်ထုတ်ပယ်ခံရသူများက အမှုသည်များထံမှ ကိုယ်စားလှယ်စာယူ၍ တရားရုံးတွင် ရှေ့နေတစ်ဦးသဖွယ် လိုက်ပါဆောင်ရွက်နေခြင်းနှင့် ရှေ့နေအဖြစ် တရားရုံးပြင်ပတွင် လုပ်ကိုင်နေခြင်းကို တားမြစ်နိုင်ရန်၊ ရှေ့နေအဖြစ်လိုက်ပါ ဆောင်ရွက်ခွင့်မရှိဘဲ အမှုဆက် လက်လိုက်ပါ ဆောင်ရွက်နေခြင်းကို တားဆီးနိုင်ရန်၊ အမှုပွဲစားများအပေါ် ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရန်အတွက် ရှေ့နေများအက်ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရာ၌ ဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ဘာသာပြန်ဆိုပြီးဖြစ်ပါက မြန်မာဘာသာဖြင့်သာ ပြင်ဆင်ပြဋ္ဌာန်းရမည်ဖြစ်ပြီး သဘောထားကွဲလွဲ နိုင်သည့်အချက်များ ပေါ်ပေါက်လာမှသာ မူရင်းဥပဒေဖြစ်သည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဥပဒေအား အသုံးပြုရမည်ဖြစ်ကြောင်း၊ ရှေ့နေများအက်ဥပဒေကို ဘာသာပြန်ကော်မရှင်က တရားဝင်ဘာသာပြန်ဆိုပြီးဖြစ်၍ မြန်မာဘာသာပြန်ဆိုချက်ကို ပင် ပြင်ဆင်ရန်ဆွေးနွေးပြီး၊ ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ပါ ပြင်ဆင်သည့်အချက်များသည် လက်တွေ့တွင်အမှန် တကယ်လိုအပ်သော အချက်များဖြစ်ပြီး နိုင်ငံ တော်၏တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်ရန်အလို့ငှာ ပြင်ဆင်ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းစဉ်
