အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်းသည့် စတုတ္ထအကြိမ် အာဆီယံပါလီမန်များညီလာခံ အကြံပေးကောင်စီ (AIPACODD) အစည်းအဝေးပြုလုပ်ကျင်းပ

နေပြည်တော်   မေ   ၂၆

အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ စတုတ္ထအကြိမ် အာဆီယံ ပါလီမန်များညီလာခံ အကြံပေးကောင်စီ (ASEAN INTER PARLIAMENT ADVISORY COUNCIL ON DANGEROUS DRUGS-AIPACODD)ကို ဘရူးနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝန် မြို့တော်ရှိ အပြည်ပြည် ဆိုင်ရာဗဟိုဌာနတွင် ၂၄-၅-၂၀၂၁ ရက်နေ့၌ Virtual စနစ်ဖြင့်ကျင်းပရာ အာဆီယံ နိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာနိုင်ငံမှလည်းကောင်း၊ မြန်မာနိုင်ငံပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များက ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ မှလည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် AIPA ၏ အလှည့်ကျ ဥက္ကဌဖြစ်သည့် ဘရူနိုင်းနိုင်ငံမှ အဖွင့်အမှာ စကားပြောကြားပြီး UNITED NATION OFFICE ON DRUGS AND CRIMES(UNODC) ကိုယ်စား လှယ်မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးနှင့် စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ နိုင်ငံများ၏ မူးယစ်ဆေးဝါး နှင့်စပ်လျဉ်း၍ ဥပဒေပြုပြင် ပြောင်းလဲမှုများ၊ စိန်ခေါ်မှုများ၊ အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ တရားစွဲဆိုခြင်းနှင့် သိမ်းဆည်းရမိသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အာဆီယံနိုင်ငံများ အတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေးကို ဦးတည်သည့် စိန်ခေါ်မှုများ တုန့်ပြန်ရေးနှင့် လက်ရှိ အခြေအနေများကို ပိုမိုကောင်းမွန် လာစေရေးတို့အတွက် ဆုံးဖြတ်ချက်(မူကြမ်း)အား ဆွေးနွေး ခဲ့ပြီး AIPA အထွေထွေညီလာခံတွင် အတည်ပြုသွားမည်ဖြစ်ပါသည်။

                                                                                 (သတင်းစဉ်)