နေပြည်တော်၊ စက်တင်ဘာ ၄

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ်၊ ၁/၂၀၁၉ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဥပဒေကြမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် စီးပွားရေး စာချုပ်စာတမ်းများ၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဥပဒေအကြံပြုရာ တွင်လည်းကောင်း၊ အမှုလိုက်ပါဆောင်ရွက်ရာတွင်လည်းကောင်း လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ “တရားဥပဒေစိုးမိုးရေးဆီသို့” ဟူသည့် မဟာဗျူဟာ စီမံကိန်းနှင့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ပြည်သူ့အတွက်တရားမျှတမှု” ဟူသည့် မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေအရာရှိများသည် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေး၊ ဥပဒေအသိပညာပြန့်ပွားရေး၊ ဥပဒေအထောက်အကူပေးရေးတို့ကို အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ Cyber Crime ၊ Intellectual Property ၊ Money Laundering စသည့် ဥပဒေနယ်ပယ် သစ်များကို လေ့လာရန် လိုအပ်ပါကြောင်း၊ မှုခင်းစစ်ဆေးဆောင်ရွက်ရာတွင် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို သိရှိနားလည်ရန်နှင့် လက်တွေ့ကျင့်သုံး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆရာဗဟိုပြု သင်ကြားနည်းစနစ်အစား သင်တန်းသား ဗဟိုပြု သင်ကြားနည်းစနစ်ဖြင့် ပို့ချဆောင်ရွက်မည်ဖြစ်ရာ သင်တန်းသားများအတွက် ပိုမို အကျိုးရှိစေမည်ဖြစ်သဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်း ဆရာ/ဆရာမ များနှင့် သင်တန်းသား၊ သင်တန်းသူ ၃၄ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ ရက်သတ္တ ၃ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
