နေပြည်တော်၊ နို၀င်ဘာလ ၅

ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဌအဖြစ် ပါဝင်သော ဥပဒေဘာသာပြန်ကော်မရှင်၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကော်မရှင်ကို ၂၀၁၇ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မရှင်အနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းထားသည့် တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည် ဖြစ်ပါကြောင်း၊ ဘာသာပြန်ဆို အတည်ပြုပြီးသည့် ဥပဒေ ၉ ခု ကို ဥပဒေဘာသာပြန်ကော်မရှင်၏ စာအုပ်အမှတ် ၁ နှင့် အမှတ် ၂ တို့ဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ လုပ်ငန်းအဖွဲ့များက ဘာသာပြန်ဆိုထားသည့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ၊ မြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးအက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်အက်ဥပဒေ၊ အမိန့်ဆင့်စာခအက်ဥပဒေ၊ ကိုယ်စားလှယ်၏ ဆောင်ရွက်ပိုင်ခွင့်များ အက်ဥပဒေ နှင့် လွှဲအပ်ပစ္စည်းစီမံရေးဝန် အက်ဥပဒေတို့ကို ယခုအစည်းအဝေးတွင် ဆွေးနွေးအတည်ပြုမည် ဖြစ်ပါကြောင်း၊ ဆက်လက် ဘာသာပြန်ဆိုနေသည့် ဥပဒေ ၁၃ ခု ကိုလည်း စတုတ္ထအကြိမ် အစည်း အဝေးတွင် အတည်ပြုနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာဘာသာသို့ ပြန်ဆိုသည့်ဥပဒေများ ဆက်လက် ထုတ်ဝေနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ဥပဒေကို လွယ်ကူစွာ လေ့လာသိရှိနိုင်ပြီး တရားစီရင်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေး ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း မှာကြားခဲ့ ပါသည်။
အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပါသည်။
သတင်းစဉ်
