နေပြည်တော်၊ ဇွန် ၁၁

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော် သွားနှင့် ခံတွင်းရောဂါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင် ဦးဆောင်သော သွားနှင့် ခံတွင်း ဆေးအဖွဲ့များသည် ယနေ့ နံနက်ပိုင်း အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၂၅) ဥပဒေ ရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား သွားနှင့်ခံတွင်း ဆေးဝါးကုသမှု ဆောင်ရွက်ပေးခဲ့ ပါသည်။
ဦးစွာပထမ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ က နေပြည်တော် သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆေးအဖွဲ့များ၏ ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား သွားနှင့်ခံတွင်း ဆေးဝါး ကုသပေးနေမှုများကို လိုက်လံကြည့်ရှု့ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သွားနှင့် ခံတွင်းရောဂါ အထူးကုဆေးရုံကြီးမှ ယခုလို မိမိ၏ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၏ သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် ဆေးဝါးများ ကုသပေးခြင်းအပေါ် အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြန်လည်ပြောကြားကာ နေပြည်တော် သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံကြီးအတွက် အလှူငွေ များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
