ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ ဆောင်ရွက်ဆဲ အမှုလိုက်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်  ဇန်နဝါရီ  ၆

      ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များသည် ဆောင်ရွက်ဆဲ အမှုလိုက်လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၀၈:၃၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs) အဖြစ်           ၃၀-၈-၂၀၂၁ ရက်နေ့တွင် ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ ယခုလို ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်း လိုက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ  ပေါင်းစပ်ညှိနှိုင်းရေးအတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာနများအကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက် နိုင်မှာဖြစ်ပါကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန၏ ဝန်ကြီးရုံး ဖွဲ့စည်းပုံအဖြစ်  အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှု ဌာနခွဲ၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းများ စစ်ဆေးရေးဌာနခွဲ၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ ဦးစီးရုံးတို့ကို ထားရှိပြီး E-Government ဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဌာနစိတ်၊ စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးဌာနစိတ်နှင့် ပုဂ္ဂလိက တိုင်ကြားစာများ စိစစ်ဆောင်ရွက်ရေး ဌာနစိတ်တို့ကို အသစ်ဖွဲ့စည်းခဲ့ပြီး ဝန်ကြီးဌာန တစ်ခုအဖြစ် လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၉ ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး မဟာဗျူဟာစီမံကိန်း ၂၀၂၀-၂၀၂၄ ကိုလည်း ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ ဆောင်ရွက်နိုင်သည့် ကဏ္ဍများကို မိမိတို့၏ နည်းလမ်းဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ အထူးသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၏ လမ်းညွှန်ချက်များ နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးအတွက် အခြားသော ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများကို ဥပဒေအသိပညာများ ရရှိစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဌာနဆိုင်ရာ အသီးသီးအနေဖြင့် စီးပွားရေးစာချုပ် စာတမ်းများ ချုပ်ဆိုခြင်း၊ ဥပဒေ(မူကြမ်း)များ စိစစ်ပေးရေး တို့တွင် အသုံးပြုကိုးကား နိုင်ရေးအတွက် စီးပွားရေးစာချုပ်စာတမ်းများ ချုပ်ဆိုခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့် ဥပဒေ(မူကြမ်း) ရေးဆွဲရေး လမ်းညွှန် စာအုပ်များကိုလည်း ထုတ်ဝေဖြန့်ဖြူးပေးခဲ့ကြောင်း၊ မိမိအနေဖြင့် ဥပဒေဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်စဉ် စာအုပ်အမှတ် ၉ အဖြစ် ရာဇသတ်ကြီး စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ကြောင်း၊ ရာဇသတ်ကြီးကို ယခင်က အလွတ်သဘော ဘာသာပြန်ဆို သုံးစွဲလျက်ရှိရာမှ ယခုတရားဝင် (Authentic)အဖြစ် ဥပဒေအရ အမိန့်ကြော်ငြာစာဖြင့် ထုတ်ဝေခဲ့ကြောင်း၊  ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်လိုပါက ယခင် Penal Code အား အင်္ဂလိပ်လို ပြင်ဆင်ရန် မလိုတော့ပဲ မြန်မာဘာသာဖြင့် ပြင်ဆင်နိုင်ပြီဖြစ်ကြောင်း၊ အမှုကိစ္စများ ဆောင်ရွက်ရာတွင် အကြံပေးကိစ္စများ၌ သတိထား၍ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံသားများ၏ ဥပဒေပါ ရပိုင်ခွင့်များ မှန်မှန် ကန်ကန် ရရှိရေးကိုလည်း အလေးထားရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်သည် တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ မှုခင်းများ တရားစီရင်ရေး အထောက်အကူပြု အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်ရသည့်အတွက် တရားရုံးစစ်ဆေးဆဲ အမှုများကို သတ်မှတ် ကာလအတွင်း ပြီးပြတ်အောင် သက်ဆိုင်ရာ တရားရုံး၊ ဆက်စပ်ဌာနများဖြစ်ကြသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနများနှင့် ညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြား ပါသည်။

          ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များက ၎င်းတို့၏ ထိရောက်စွာ ဆောင်ရွက် နိုင်မှုများ၊ အခက်အခဲများ၊ အမှုများကြန့်ကြာရခြင်းအပေါ် ကျော်လွှားနိုင်ရန်ကိစ္စများ၊ စီမံရေးရာနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ရန် အချက်များအား ပြန်လည်မေးမြန်းခြင်း၊ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

        အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရှိရသည်။

                                                                                                                                                         (သတင်းစဉ်)