နေပြည်တော်၊ ဩဂုတ် ၂၉

၃၀-၈-၂၀၂၅ ရက်နေ့တွင် ကျရောက်မည့် ဥပဒေရေးရာဝန်ကြီးဌာန၏ ၄ နှစ်မြောက်၊ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀: ၀၀ နာရီ အချိန်တွင် နေပြည်တော်၊ ဥပဒေ ရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဥပဒေရေးရာဝန်ကြီးဌာနကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၁၇၆/ ၂၀၂၁ ဖြင့် ၃၀.၈.၂၀၂၁ တွင် ယခင် ရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်တွင် ဥပဒေကဏ္ဍကို စာမျက်နှာအသစ် ဖွင့်လှစ်ပေးခြင်းဖြင့် ကြီးမားသော ရလာဒ်ကောင်း တခုဖြစ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊ ကောင်းကျိုး လိုအပ်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းပေးလိုကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ၄ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ကြိုတင်ကျင်းပ ပြုလုပ်ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျရောက်မည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ ဝန်ကြီးဌာန နှင့်အတူ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများတွင်လည်း တစ်ပြိုင်တည်း ကြိုတင်ကျင်းပ ပြုလုပ်ကြမည်ဖြစ်သဖြင့် လွန်စွာဝမ်းမြောက်မိကြောင်း၊ ဝန်ကြီးဌာနရှိ ဌာနအသီး သီးနှင့် အဆင့် ဆင့်သော ဥပဒေရုံးများမှ ဥပဒေအရာရှိများ၊ အရာထမ်း၊ အမှုထမ်းများမှ မိမိတို့ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြသဖြင့် လုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက်လျက်ရှိသဖြင့် အမြဲဂုဏ်ယူရပါကြောင်း၊ ဥပဒေအရာရှိများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင် ရွက်ကြရာတွင် တာဝန်သိစိတ် အပြည့်ဖြင့် တစ်စိတ် တစ်ဝမ်းတည်း စုပေါင်း၍ ဆောင်ရွက်သွားကြရန်နှင့် ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပြောဆိုကျင့်ကြံ နေထိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းနှင့် နောင်နှစ်များတွင်လည်း ယခုနှစ်ထက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံး အဆင့်ဆင့်၏ လှုပ်ရှားဆောင်ရွက်မှု Video မှတ်တမ်းများကို ကြည့်ရှုကြသည်။ ထို့နောက် ဝန်ကြီးဌာနမှ ဝန်ထမ်းများက အကအလှတို့ဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် ဥပဒေရေးရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း (၅၅၀)ဦး အတွက် ဦးစီးဌာနများအလိုက် ဗလာမပါ ကံစမ်းမဲများ၊ အထူးမဲများ ပြုလုပ်၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် အပါအဝင် ရုံးအကြီးအမှူးများက အရာထမ်း၊ အမှုထမ်းများ အားလုံးနှင့် အတူတကွ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရပါသည်။
(သတင်းစဉ်)
