၂၀၂၃ ခုနှစ်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၆

၂၀၂၃ ခုနှစ်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သတ်မှတ်နေရာများ၌ ကျင်းပသည်။

ရှေးဦးစွာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၃၀၀၀ အား ရုံးအဝင်လမ်းဘေးရှိ တစ်ဖက်ပိတ် ဆည်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြသည်။

ယင်းနောက် သစ်ပင်စိုက်ပျိုးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ သတ်မှတ်နေရာ၌ ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်ကို စိုက်ပျိုးပေးပြီး၊ ဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ်၊ ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များက ကံ့ကော်၊ ခရေ၊ သပြေနှင့် တပေဘူတပင် တို့အား သတ်မှတ်မြေနေရာ အသီးသီး၌ စိုက်ပျိုးပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်သည် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ အရာထမ်း၊ အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးပေးနေမှုကို လိုက်လံကြည့်ရှု အားပေးကြသည်။

ယခုနှစ် ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ငု၊ ကံ့ကော်၊ ခရေ၊ သပြေ၊ တပေဘူတနှင့် ပျဉ်းမ စုစုပေါင်း ၁၄၀ ပင် တို့ကို စုပေါင်းစိုက်ပျိုး ပေးခဲ့ကြကြောင်း သိရသည်။


(သတင်းစဉ်)