ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၅

ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေ ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာသီတာဦး၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးမောင်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့်တာဝန်ရှိသူများ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးက The Trust Act (ယုံမှတ်အပ်နှံမှုအက်ဥပဒေ)သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီမံခန့်ခွဲသည့် ဥပဒေ (၅၂) မျိုးတွင်ပါဝင်ပြီး FATF ၏ အကြံပြုချက်အမှတ် (၂၅) အရ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို ရေးဆွဲပြဋ္ဌာန်းလိုခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာသီတာဦးက ယုံမှတ်အပ်နှံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ကို FATF ၏ Recommendation 25 အရ လက်ရှိအခြေအနေများနှင့် လိုက်လျော ညီထွေမှုရှိစေရေးအတွက် ပြဋ္ဌာန်းရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)အား ပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                                     (သတင်းစဉ်)