တိရစ္ဆာန်ကျန်းမာရေးနှင့်မွေး မြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဇူလိုင်လ ၁၈

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲထွန်းဝင်း၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်အေးဝင်း နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက အဆိုပါဥပဒေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိရစ္ဆာန်စောင့်ကြည့် စစ်ဆေးရေးစခန်း(AQS)တည်ထောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် လျှောက်ထားလာမှုများရှိသော်လည်း ဥပဒေတွင် ယင်းပြဋ္ဌာန်းချက်မပါဝင်သဖြင့် မွေးမြူရေးခြံ လုပ်ငန်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးသကဲ့သို့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ကြည့်စစ်ဆေးရေး စခန်း(AQS)တည်ထောင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းအတွက် ခွင့်ပြုလက်မှတ် ထုတ်ပေး၍ မရခြင်း၊ သားသတ်ရုံလုပ်ငန်းနှင့် သားသတ်ခြင်းလုပ်ငန်းများအတွက် ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း ဖြစ်ပြီး ခွင့်ပြုလက်မှတ် သက်တမ်းတိုးနိုင်သည့် ဖော်ပြချက်များ မပါရှိသည့်အတွက် အဆိုပါ သားသတ်ရုံလုပ်ငန်းနှင့် သားသတ်ခြင်းလုပ်ငန်းများ သက်တမ်းတိုးနိုင်ရန် လိုအပ်လျက်ရှိခြင်း တို့ကြောင့် ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ရေးဆွဲရခြင်းဖြစ်ကြောင်း တင်ပြ ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တိရစ္ဆာန် ကျန်းမာရေးနှင့်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုူရှိစေရေးအတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)အား ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

                                                                                           သတင်းစဉ်