ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊  ဩဂုတ်လ ၁၅
ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက်  အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလူမွန်၊ ဥပဒေမူကြမ်းစိစစ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကို‌ ရေးဆွဲပြုစုပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများသို့ သဘောထားမှတ်ချက်များတောင်းခံခဲ့ကြောင်း၊ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အချောသတ် ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ဥပဒေ(မူကြမ်း)အား ဆိုက်ဘာအရင်းအမြစ်၊ အရေးကြီးသတင်း အချက်အလက်အခြေခံအဆောက်အအုံများနှင့် အီလက်ထရောနစ် သတင်းအချက်အလက်များ အား လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း၊ ဆိုက်ဘာအလွဲအသုံးပြုခြင်းတို့ကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆိုက်ဘာမှုခင်းများကိုထိရောက်စွာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန်နှင့် ဒီဂျစ်တယ်စီးပွားရေးစနစ်ကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ပြဋ္ဌာန်းလိုခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)သည် မူဝါဒ နှင့်သက်ဆိုင်သည့်အရေးကြီးသောဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ (မူကြမ်း)အား  ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းစဉ်