ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၅

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၏ ၂၀၂၄ ခုနှစ်၊ ၆ လတာ ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ကျင်းပသော ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ မြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်ရှိ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ပါသည်။
ဦးစွာပထမ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်က တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံအဖွဲ့အစည်းများနှင့် ဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ စာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစီအစဉ် (၂၀၂၄-၂၀၂၅)အား စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု အစည်းအဝေးသည် ၂၀၂၄ ခုနှစ်၊ ၆ လတာ ကာလအတွင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်း ဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများကို ညှိနှိုင်းသည့် အစည်း အဝေးဖြစ်ကြောင်း၊ သို့ပါ၍ အဆိုပါကာလအတွင်း ဆောင်ရွက်မှုများကို ဆွေးနွေးလိုပါကြောင်း၊
ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျုဟာစီမံကိန်း(၂၀၂၀-၂၀၂၄)အရ ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ မဟာ ဗျုဟာစီမံကိန်း (၂၀၂၅- ၂၀၂၉)ကို “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” (Building Legal Trust for People)ခေါင်းစဉ်ဖြင့် (မူကြမ်း)ကို ရေးဆွဲလျက်ရှိကြောင်း၊
တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင် ရွက်နိုင်ရန်အတွက် ဒက္ခိဏသီရိမြို့နယ်အတွင်းတွင် တရားလွှတ်တော်ရှေ့နေများကောင်စီ ရုံးမြေ နေရာ ရရှိထားကြောင်း၊ ယင်းမြေနေရာအား တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင်များ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ၁၈-၅-၂၀၂၄ ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေများ ကောင်စီ(မန္တလေး) ရုံးခွဲကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊
တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း ၍ တရားမျှတမှုကဏ္ဍတွင် ဆက်စပ်သက်ဆိုင်သူများအကြား ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပံ့ပိုးကူညီပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိကတင်ပြစာများကို စနစ်တကျစိစစ်အ‌ရေးယူ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊
တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများက မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကောင် အထည်ဖော်သည့် ဥပဒေ(မူကြမ်း)များကို စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ များနှင့် ကိုက်ညီမှုရှိစေရန် အလေးထားဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများရှိ ဥပဒေအရာရှိများကလည်း ဥပဒေ(မူကြမ်း)စိစစ်ခြင်း လုပ်ငန်းစဉ်များကို နှံ့စပ်စွာ လေ့လာထားရန် လိုအပ်ကြောင်း၊
တရားစွဲမတင်မီ ဥပဒေအကြံဉာဏ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး လမ်းညွှန်ချက်နှင့်အညီ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို တိကျစွာ ဂရုပြု လိုက်နာဆောင်ရွက်ရန် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေရုံးချုပ်များကို လမ်းညွှန် အကြောင်းကြားပါကြောင်း၊
ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့်ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားကိုးရသော ဥပဒေအရာရှိကောင်းများ ဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်း လိုက်နာကြဖို့လည်း အထူး အရေးကြီးကြောင်း၊
ဥပဒေရေးရာဝန်ကြီးဌာနက အခမဲ့ဝန်ဆောင်မှုပေးနေသော မြန်မာဥပဒေ သတင်းအချက် အလက်စနစ် MLIS ကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံ၍ Maintenance လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ဥပဒေပညာကို လွယ်ကူစွာ လေ့လာနိုင်ရန် ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီး ဌာန စာကြည့်တိုက်အား E-Library စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဥပဒေရေးရာကိစ္စရပ်များ၊ ဥပဒေသတင်းအချက်အလက်များကို ဥပဒေပညာ စိတ်ပါဝင်စား သူများအနေဖြင့် ဖတ်ရှုနိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာန၏ အပတ်စဉ် သတင်းလွှာ(Weekly news) ကို ၁၉-၅-၂၀၂၃ ရက်မှစ၍ စတင်ထုတ်ဝေခဲ့ရာ ယခုအခါ အတွဲ ၂၊ အမှတ် ၃၃ အထိထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊
ဥပဒေဘာသာပြန်ကော်မရှင်အနေဖြင့် ဘာသာပြန်ဆိုရန်တာဝန်ရှိသည့် ဥပဒေစုစုပေါင်း ၈၁ ခု ရှိသည့်အနက် ဥပဒေစုစုပေါင်း (၄၇)ခုကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး စာအုပ် စုစုပေါင်း (၁၃)အုပ် ထုတ်ဝေနိုင်ခဲ့ပြီး မကြာမီတွင်လည်း စာအုပ် အမှတ်(၁၄)ကို ထုတ်ဝေမည်ဖြစ်ကြောင်း၊
ဥပဒေအသိပညာပြန့်ပွား‌ရေး သင်တန်းကျောင်းကို ၁၉-၄-၂၀၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းများကို သင်တန်းအမှတ်စဉ်(၄)အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား အရာရှိကြီး(၁၂၄)ဦး တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဒီပလိုမာဘွဲ့(Diploma of Legal Advocacy, DLA) ပေးအပ် နိုင်မည့် သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် သင်တန်းသား (၅၀)ဦးဖြင့် သင်တန်းကာလ (၆)လကြာ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ “အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁)”ကို ဖွင့်လှစ်ခဲ့ပြီး၊ အဆင့်မြင့်နိုင်ငံ့ဝန်ထမ်း များအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁)ကို Legal Advocacy Center(LAC) ၌ ဖွင့်လှစ်လျက်ရှိကြောင်း၊ ယခုအခါ Grade XI နှင့် Grade XII များတွင် ဥပဒေဘာသာရပ်ကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ဆရာကိုင်လက်စွဲ စာအုပ်ပြုစု လျက်ရှိပြီး၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများသည် ဆရာဖြစ် သင်တန်းဖွင့်လှစ်ရေး ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း၊
ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းသည် “လူတိုင်းတွင် ဥပဒေအသိပညာ ရှိသင့်သည်” ဟူသော နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဥပဒေရေးရာဝန်ကြီးဌာနက အလေးထား ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် ဥပဒေချုပ်ရုံးများနှင့် ဥပဒေရုံးအဆင့်ဆင့် အနေဖြင့်လည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြီး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းများ တင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ညွှန်ကြား‌ရေးမှူးချုပ်များက ပြန်လည်ရှင်းလင်း ဖြေကြားကြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်း ဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)