နေပြည်တော် ဒီဇင်ဘာ ၇ ရက်

တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၉-၆-၂၀၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၈၉/၂၀၂၁ ဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ၃၀-၉-၂၀၂၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၆၆/၂၀၂၂ ဖြင့်လည်းကောင်း၊ ၂၃-၈-၂၀၂၃ ရက်နေ့ တွင် အမိန့်ကြော်ငြာစာအမှတ် ၁၇၄/၂၀၂၃ ဖြင့်လည်းကောင်း အဖွဲ့ဝင် ၁၆ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့အနေဖြင့် ပြည်သူများ ဥပဒေအသိပညာပြန့်ပွားစေရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် သတင်းတု သတင်းမှားနှင့်စပ်လျဉ်း၍ အရေးယူနိုင်သည့် ဥပဒေများပါ လက်ကမ်းစာစောင်များ ရိုက်နှိပ်၍ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများမှတစ်ဆင့် အများပြည်သူနှင့် အဓိကထိတွေ့ဆက်ဆံ ရသည့် ခရိုင်၊ မြို့နယ်ဥပဒေရုံး အဆင့်ဆင့်သို့ ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီး ဌာနက ရေးဆွဲနေသည့် ၂၀၂၅-၂၀၂၉ “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက် (Building Legal Trust For the People)” ဆိုသည့် မဟာဗျူဟာစီမံကိန်းတွင်လည်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် အဖွဲ့ခွဲများက လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်းများ ထည့်သွင်းရေးဆွဲထားပါကြောင်း၊ နယ်မြေဒေသ အခြေအနေအရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့နှင့် အဖွဲ့ခွဲများ၏ အဓိကလုပ်ငန်းဖြစ်သော ပြည်သူတို့၏တိုင်ကြားစာများကို စံလုပ်ထုံး လုပ်နည်းများနှင့်အညီ တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဖွဲ့ခွဲများအနေဖြင့် ပြည်သူများ အသိပညာပြန့်ပွားရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဥပဒေ အသိပညာပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်းတို့ကို တတ်နိုင်သမျှ ဆောင်ရွက်ပေးစေလို ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် တက်ရောက်လာကြသူများက မိမိတို့အဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရာတွင် ပြည်သူများ ၏ ဥပဒေရေးရာနစ်နာမှုများနှင့်စပ်လျဉ်း၍ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေအောင် မည်သို့ဆက်လက် လုပ်ဆောင်ကြမည်ကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အရ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ နှင့် တရားမျှတမှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရားမျှတမှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲမှူးချုပ်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း ပါဝင်လျှက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ပါကြောင်း၊ အဆိုပါ ကော်မတီနှစ်ရပ်မှ အစည်းအဝေးများကျင်းပပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် အကြံပြုချက်များ၊ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်မည့်အစီအစဉ်များနှင့် ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုရရှိအောင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများမှ အဖွဲ့ဝင်များကလည်း အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
