ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ဥပဒေရေးရာ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၁

ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသနစီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံချက်အရ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ကျင်းပမည့် ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသန စီမံကိန်းဆိုင်ရာ နှစ်နိုင်ငံဆွေးနွေးပွဲကို ၁၁-၂-၂၀၂၅ ရက်နေ့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယ ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တရုတ်-အာဆီယံ သုတေသနစင်တာမှ သုတေ သနမှူး Dr. Zhong Jia ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပါသည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက အဖွင့်အမှာစကား ပြောကြားရာတွင် နှစ်နိုင်ငံ ဆွေးနွေးပွဲအား လက်ခံကျင်းပရခြင်း အတွက် မိမိအနေဖြင့်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လာမည့်နှစ်တွင် တရုတ် – မြန်မာ ဆက်ဆံရေး ၇၅ နှစ်မြောက်အထိမ်းအမှတ်ကို ရောက်ရှိမှာဖြစ်ကြောင်း၊ ၁၇-၇-၂၀၂၃ ရက်နေ့တွင် ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသန စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား  ချုပ်ဆို၍ တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာနှင့် ခိုင်မာသောဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ကြောင်း၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် အနောက်တောင်ပိုင်း နိုင်ငံရေး သိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ပါမောက္ခချုပ်က ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးကို ၂၀၂၃ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ အနောက်တောင်ပိုင်း နိုင်ငံရေးဥပဒေ တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခ(Honorable Professor)”အဖြစ် ခန့်အပ်ခဲ့ပါကြောင်း၊ ယင်းအချက်များ သည် နှစ်ဖက်အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာစေသည့် အချက်များဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အရာရှိများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်တောင်ပိုင်း နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်သို့  ပညာသင်ကြားရန် စေလွှတ်ခဲ့ရာ စေလွှတ်ခဲ့သူ အားလုံးသည် ဘွဲ့ဒီဂရီများကို အောင်မြင်စွာ ရရှိခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ ခရီးစဉ် အတွင်း တရုတ်-အာဆီယံ ဥပဒေရေးရာသုတေသနစင်တာတွင် စင်တာ၏ အထွေထွေအတွင်း ရေးမှူးချုပ်နှင့် ကျောင်းဒုတိယဥက္ကဋ္ဌ Mr. Zhang Xiaojun အပါအဝင် တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာမှ ကိုယ်စား လှယ်များနှင့်   တွေ့ဆုံရာတွင် စင်တာနှင့် MOLA တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ အဖွဲ့အစည်းများအကြား တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ တည်ထောင်ရေးနှင့် တရုတ်-မြန်မာ အနုညာတ စီရင်ဆုံးဖြတ်ရေးဗဟိုဌာန တည်ထောင်ရေးတို့ အပါအဝင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း၊   ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် Providing Legal Service for Justice ဟူသည့်တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာ(၂၀၁၉-၂၀၂၄)အရ ဥပဒေ အသိပညာပြန့်ပွားရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ဖြစ်ရာ ဥပဒေဝန်ဆောင်မှုပုံစံ တစ်မျိုးဖြင့် ဆောင်ရွက်လျက်ရှိသော ဥပဒေသုတေသနလုပ်ငန်းများသည်လည်း အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း၊ ဥပဒေသုတေသနလုပ်ငန်းများသည် ဥပဒေကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် မှန်ကန်သော ဥပဒေဝန်ဆောင်မှုပေးနိုင်ရေး၊ ဥပဒေအကြံဉာဏ်များ ပေးနိုင်ရေးတို့ အတွက် အရေးကြီးသော လုပ်ငန်းဖြစ်ပါကြောင်း၊   ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေး သုတေသန စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံ တရားဥပဒေစိုးမိုး ရေးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ ဥပဒေရေးရာဝန်ကြီး ဌာနနှင့် တရုတ်-အာဆီယံ သုတေသနစင်တာတို့အကြား နှစ်နိုင်ငံဆွေးနွေးပွဲအား ကျင်းပနိုင်ခြင်း အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဥပဒေပြုရေးသုတေသန စီမံကိန်းဆိုင်ရာနားလည်မှု စာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေးနယ်ပယ်နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသနခေါင်းစဉ်များအား ရွေးချယ်သတ်မှတ်နိုင်ရန် ဆွေးနွေးခြင်း၊ သုတေသနလုပ်ငန်းအဖွဲ့  ဖွဲ့စည်းခြင်းဆိုင်ရာကိစ္စများ၊ ဥပဒေပြုခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား သိရှိနားလည်စေရန် အပြန် အလှန်ဖလှယ်ခြင်း၊ အီလက်ထရောနစ်နည်းလမ်းဖြင့် လိမ်လည်သည့်အမှုများ၊ လောင်းကစားမှုများ၊ မူးယစ်ဆေးဝါးနှင့် အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းများအား တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်နိုင်ရေးအတွက် တရုတ်-မြန်မာ ဥပဒေရေးရာသုတေသနစင်တာ တည်ထောင်ခြင်း ဆိုင်ရာကိစ္စများ၊ တရုတ်-မြန်မာကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း ဆိုင်ရာစင်တာတည်ထောင်ခြင်း၊ ၂၀၂၅ ခုနှစ်တွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက Southwest University of Political Science and Law (SWUL) တက္ကသိုလ်သို့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်လာရောက်၍ ပညာရပ်များ သင်ကြားပို့ချနိုင်ရန်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)