နေပြည်တော်၊ ဧပြီ ၃

ဥပဒေရေးရာဝန်ကြီဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရုံးအမှတ် ၂၅၊ ဥပဒေရေးရာဝန်ကြီးဌာန အဆောက်အဦပြင်ပတွင် ယာယီရုံးခန်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ သည့် ယာယီရုံးခန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ယာယီရုံးခန်းတွင် ဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီး၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ယာယီနေထိုင်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရန် အလှူရှင်များမှလှူဒါန်းသော ထမင်း၊ ဟင်းများနှင့် အသုံးအဆောင်ပစ္စည်းများအား လက်ခံရယူ၍ ဝန်ထမ်း နှင့်မှီခိုသူများထံ ပေးဝေခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနကားဝင်းအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မှီခိုသူများ ယာယီစုစည်းထားရှိသည့်နေရာ၌ မိသားစုဝင်များ နေထိုင်နိုင်ရန် ယာယီစခန်း ဆောက်လုပ်ပေးနေမှုများ၊ မိသားစုဝင်များ၏ နေထိုင်စားသောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
