ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေရေးရာဝန်ကြီးဌာန Container House နေရာချထားမည့် မြေနေရာတွင် တပ်ဆင်နေမှုနှင့် တည်‌ဆောက်ထားသည့် ယာယီအဆောင်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ ၁၄

ဥပဒေရေးရာဝန်ကြီဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရုံးအမှတ် ၂၅၊ ဥပဒေရေးရာဝန်ကြီး ဌာန၊ ယာယီဝန်ထမ်းအိမ်ရာဝန်းတွင် ဝန်ထမ်းများနေထိုင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ တပ်ဆင်တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

အဆိုပါတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြပါ သည်။

ထို့နောက် ဥပဒေ‌ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနေထိုင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီ ထောက်ပံ့သည့် Container House တပ်ဆင်နေမှုနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပညာရှင်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်က ယင်းယာယီအဆောက်အအုံများ ဆောက်လုပ် တပ်ဆင်ခြင်းအား Video Clip ဖြင့် ရှင်းလင်းပြသပြီးနောက် ယာယီအဆောက်အအုံများ ချထားမည့်မြေနေရာတွင် လက်တွေ့တည်ဆောက် တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက တပ်ဆင်တည်ဆောက်နေမှုများကို လေ့လာ၍ သိရှိလိုသည့်အချက်များအား မေးမြန်းခဲ့ပြီး သက်ဆိုင်ရာပညာရှင်အဖွဲ့မှ ပြန်လည် ရှင်းလင်းခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက Container House များ လာရောက်တပ်ဆင်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရှင် အဖွဲ့အား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တည်ဆောက်တပ်ဆင်နေသည့် ယာယီအဆောက် အအုံများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(သတင်းစဉ်)