ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် ၃၀

နေပြည်တော် စိမ်းလန်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက်ပိုင်းက ရုံးအမှတ် (၂၅)၊ ဥပဒေရေးရာဝန်ကြီးဌာန၏ အဝင်လမ်းပရဝုဏ်အတွင်း ကျင်းပပြုလုပ်ရာ  သတ်မှတ်နေရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပိတောက်ပင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကံ့ကော်ပင်များကိုလည်းကောင်း စိုက်ပျိုးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် နှင့်အဖွဲ့သည် အရာထမ်း၊ အမှုထမ်း များက ကံ့ကော်၊ ခရေ၊ သပြေနှင့် ငုဝါပင်တို့အား သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးနေမှုကို လှည့် လည်ကြည့်ရှု အားပေးကြပါသည်။ ယခုနှစ် ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စုစုပေါင်း အရိပ်ရပင် ၁၄၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းသားဘဝတွင် တပည့်ကောင်းများဖြစ်အောင် ကြိုးစားသကဲ့သို့ နောင်အချိန်တွင် တိုင်းပြည်ကို ပြန်လည်ဦး‌ဆောင် ကြမည် ဖြစ်သည့်အတွက် ပညာပြည့်ဝရုံတင်မဟုတ်ဘဲ သန့်ရှင်းဖြူစင်သည့် စည်းကမ်းကို ကိုယ်ကျင့် တရားများဖြင့် နေထိုင်တတ်ကြရန်နှင့် မိမိတို့၏ မိသားစုဂုဏ်၊ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခြင်းမှသည် နိုင်ငံတော်၏ဂုဏ်ကိုပါ ဆောင်နိုင်စေရန် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပါသည်။ ယင်းနောက် ယခင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade 12 ပြန်လည်ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ (၉)ဦး အပါအဝင် ယခုနှစ် ပညာသင်နှစ်အတွက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၆)ဦးတို့အတွက် ပညာသင် ထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ်သိန်း(၇၀)ကျော်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။

(သတင်းစဉ်)