ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပသော အာဆီယံရှေ့နေချုပ်များ အစည်း အဝေးတည်ထောင်ခြင်းဆိုင်ရာ ကြေညာချက်အား လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်

အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်းဆိုင်ရာကြေညာချက် လက်မှတ်ရေး ထိုးပွဲအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ၁၅-၉-၂၀၂၅ ရက်နေ့မှ ၁၆-၉-၂၀၂၅ ရက်နေ့ အထိ ကျင်းပပြုလုပ်ရာ အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ် H.E Mr. Burthanuddin ၏ ဖိတ်ကြားချက် အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။ အဆိုပါအခမ်းအနားသို့ အာဆီယံ(၁၀)နိုင်ငံမှ ရှေ့နေ ချုပ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်းဆိုင်ရာကြေညာချက် လက်မှတ်ရေး ထိုးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးမှ အာဆီယံရှေ့နေချုပ်များ အစည်းအဝေးကို အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ကို အကောင်အထည်ဖော်သည့်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ဆန်းမြို့၌ ကျင်းပခဲ့သော ပထမ အကြိမ် အတိုင်ပင်ခံအစည်းအဝေး၏ရလာဒ်၊ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေး၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပခဲ့သော တတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေး၊ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သော (၄၄)ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တို့၏ရလာဒ်တို့နှင့်အညီ တည်ထောင်ရန် သဘောတူညီခဲ့ကြောင်း၊ အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်း၏ရည်ရွယ်ချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားစွဲနှင့် အမှု လိုက်လုပ်ငန်းများတွင် သက်ဆိုင်ရာနိုင်ငံ၏ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊  အာဆီယံရှေ့နေချုပ်များအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာ ပြည်တွင်း ဥပဒေများနှင့်အညီ တရားစွဲနှင့်အမှုလိုက်ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ အပြည်ပြည် ဆိုင်ရာဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများကို အထောက်အပံ့ပြုရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များရှိ အစိုးရအမှုလိုက်အရာရှိများ၏ စွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာသင်တန်းများ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရေး၊ ပုံမှန်မဟုတ်သောပြစ်မှုများနှင့် နည်းပညာအသုံးပြုကျူးလွန်သည့် ပြစ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရအမှုလိုက်အရာရှိများ၏ စွမ်းရည်မြှင့်တင်ဆောင်ရွက်မှုများ ပူးပေါင်း ဆောင်ရွက်ရေး၊ ကဏ္ဍအသီးသီးအလိုက် အာဆီယံဝန်ကြီးများအဖွဲ့အား တရားစွဲအမှုလိုက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထောက်အပံ့ပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဥပဒေရေးရာ မူဘောင်များနှင့် တရားစွဲအမှုလိုက်ဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများကို ဖလှယ်ရေးဆိုင်ရာ အကြောင်းအရာများ စသည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကြေညာချက်လက်မှတ်ရေးထိုးခြင်းသည် အာဆီယံဥပဒေရေးရာများ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွင် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် အာဆီယံနိုင်ငံများမှ ရှေ့နေချုပ်များက အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်းဆိုင်ရာ ကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အာဆီယံရှေ့နေချုပ်များ အစည်းအဝေးတည်ထောင်ခြင်းဆိုင်ရာ ကြေညာချက်အား လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံနိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများအား တိုက်ဖျက်ရာတွင် နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုရရှိစေနိုင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရှေ့နေချုပ်ရုံးများအကြား တရားစွဲနှင့်အမှုလိုက်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မည့် အကျိုးကျေးဇူးများရရှိ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

   (သတင်းစဉ်)