ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည် နယ်ဥပဒေအရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၁

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ် များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ‌ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်က တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာမှာ ပြည်ပ နိုင်ငံများ၊  အဖွဲ့အစည်းများနှင့် နိုင်ငံတကာနှင့် ဥပဒေရေး ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘက်မြို့တွင် ကျင်းပပြီးစီးခဲ့သည့် “၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်” သို့လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပပြီးစီးခဲ့သည့် “အာဆီယံရှေ့နေချုပ်များ အစည်းအဝေး တည်ထောင်ခြင်းဆိုင်ရာ လက်မှတ် ရေးထိုးပွဲ အခမ်းအနား” သို့လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပပြီးစီးခဲ့သည့် “၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံ” သို့လည်းကောင်း တက်ရောက်၍ ဥပဒေရေးရာကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြောင်း၊ မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဥပဒေရေးရာဝန်ကြီး ဌာနသာမက ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းဒေသကြီးများတွင် ဥပဒေရုံးများနှင့် ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးခြင်း၊ လတ်တ လော စားဝတ်နေရေး အခက်အခဲရှိခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယာယီစခန်း ဖွင့်လှစ်ပြီး နေထိုင်စရာများနှင့် အစား အသောက်များ အချိန် နှင့်တစ်ပြေးညီ စီစဉ်ပေးခြင်း၊ ဆန်၊ ဆီနှင့် အသုံးအဆောင်များ ဝေငှပေးခြင်း၊ ဆေးဝါး ကုသ နိုင်ရန် စီစဉ်ပေးခြင်း၊ ကိုယ်တိုင်သွားရောက် ကြည့်ရှု၍ အားပေးစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ  ပြုပြင်မှု ကိုလည်း ဆောင်ရွက်နေပြီး ယခုအချိန်တွင် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ တရားမျှတမှု ရရှိစေရေးသာမက ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို အများပြည်သူက နားလည်သိရှိပြီး ဆောင်ရွက်ချက်များအပေါ် ယုံကြည်အားကိုးမှု ရှိစေရေး ရည်မှန်းချက် အတွက် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်ထိ အကောင်အထည်ဖော် ဆောင် ရွက်မည့် တတိယမြောက် မဟာဗျူဟာစီမံကိန်းကို “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေ ယုံကြည်ချက်” “Building Legal Trust for the People” ဟူသည့် ဆောင်ပုဒ် ချမှတ်ခဲ့ပြီး ပန်းတိုင် ၅ ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယမြောက် မဟာဗျူဟာစီမံကိန်းအရ အသစ်ဆောင်ရွက်ရမည့် လုပ်ငန်းများအဖြစ် ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်း ဖွင့်လှစ်ခြင်း၊ တက္ကသိုလ်ကျောင်းသားများနှင့် ရှေ့နေရှေ့ ရပ်များအတွက် ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ် ထည့်သွင်းပို့ချနိုင်ရန် TOT သင်တန်းများ ဆောင်ရွက်ခြင်း၊ e-library တည်ထောင်ခြင်းစသည့် ပထမဦးစားပေး လုပ်ငန်းအစီ အစဉ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေ ယုံကြည်ချက်” ခေါင်းစဉ်နဲ့အညီ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူက သိရှိစေရန်နှင့် ယုံကြည်ကိုးစားနိုင်ရန်၊ မဟာဗျုဟာစီမံကိန်းပါ ပန်းတိုင်များ အောင်မြင်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများကလည်း လုပ်ငန်းအစီအစဉ်များကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပေး လုပ်ငန်းများကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်လျှက်ရှိရာ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိစုစုပေါင်း ၃၈ ဦးအား ရုရှားသာသာစကား ဒီပလိုမာ(အချိန်ပြည့် တစ်နှစ်) သင်တန်းအား စစ်တက္ကသိုလ် (ပြင်ဦးလွင်)နှင့် ပူးပေါင်းဖွင့်လှစ် ပို့ချနိုင်ခဲ့ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းသည် ယခု အခါ အမှတ်စဉ်(၅) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါသင်တန်းသည် သင်တန်းသားများအား Certificate of Legal Advocacy, CLA ဟူသည့် ဥပဒေပညာရပ်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ကို ချီးမြှင့်ပေးအပ်သည့် သင်တန်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းများအား ဥပဒေရေးရာအခြေခံ သဘောတရားများကို သိရှိနား လည်စေရန်၊ ဥပဒေရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ဥပဒေဝန်ဆောင်မှုများကို သိရှိစေရန်၊ လုပ်ငန်းတာဝန်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေရန်၊ ဥပဒေကို သိရှိနားလည်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ဥပဒေအသိပညာဒီပလိုမာ(Diploma in Legal Advocacy, DLA) သင်တန်း အမှတ်စဉ်(၁)ကို နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုချက်နှင့်အညီ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ပြီး၊ ၃-၉-၂၀၂၅ ရက် နေ့၌ ဥပဒေ ရေးရာဝန်ကြီးဌာနတွင် ဥပ‌ဒေအသိပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး သင်တန်းတွင် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် အထက် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း (၅၀)ဦး သင်တန်းတက်ရောက် လျက်ရှိကြောင်း၊ Naypyitaw State Academy မှ ဥပဒေအထူးပြု ကျောင်းသား၊ ကျောင်းသူများကိုလည်း ဥပဒေ ပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁၂၀/၂၀၂၅ ဖြင့် AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေး ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ဥပဒေ ရေးရာဝန်ကြီးဌာနမှ အရာရှိ ၅ ဦးက AI နည်းပညာအဖွဲ့တွင် သွားရောက်တာဝန်ထမ်းဆောင်နေပြီး ယခုအချိန်တွင် တိုင်းဒေသကြီး /ပြည်နယ် ဥပဒေချုပ်ရုံးများက ပေးပို့သော ဥပဒေဆိုင်ရာ မေးခွန်းနှင့် အဖြေများကို စိစစ်၍ Data Collection ပြုလုပ်နေကြောင်း၊ အားလုံးပြီးစီးပါက ဥပဒေနှင့် ပတ်သက်၍ အများပြည်သူက AI နည်းပညာကို အသုံး ပြု၍ သိလိုသည့် မေးခွန်းများ မေးမြန်းနိုင်ပြီး ဥပဒေ အသိပညာ ဗဟုသုတရရှိကြမှာ ဖြစ်ကြောင်း၊ သတင်းအချက်အလက် နည်းပညာ(IT)နှင့် ပတ်သက်၍ “သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ မူဝါဒ”ကို ရေးဆွဲပြီးဖြစ်၍ ယင်းမူဝါဒနှင့် အညီ တိုင်းဒေသကြီး /ပြည်နယ် ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံ ဥပဒေရုံးများမှာ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် လိုက်နာဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ငန်းခွင်တွင် ခေတ်မီနည်းပညာများကို ပေါင်းစပ်အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများနှင့် လက်အောက်ခံ ဥပဒေရုံးများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အထောက်အပံ့ပစ္စည်းများ၊ အခြေခံအဆောက်အဦများ ကောင်းမွန်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့် ဘဏ္ဍာငွေများ တောင်းခံ၍ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၈- ၁၂- ၂၀၂၅ ရက်နေ့တွင် ကျင်းပမှာဖြစ်လို့ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေဖြင့် အသစ်ပြင်ဆင် ပြဋ္ဌာန်းခဲ့သည့် လွှတ်တော် သုံးရပ်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေများကို ကျေညက်စွာ လေ့လာထားရန် လိုအပ်ကြောင်း၊ ပါတီစုံအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၌ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်တွင် သက်ဆိုင်ရာ တာဝန်ခံဥပဒေအရာရှိများက အဖွဲ့ဝင်အဖြစ်ပါဝင်လျက် ရှိသည့်အတွက် အဖွဲ့ဝင် အဖြစ် ပါဝင်ကြသော တာဝန်ခံဥပဒေ အရာရှိများအနေဖြင့် ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာ ရှိများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဖြင့် ဥပဒေအကြံပြုချက် တောင်းခံသည့် အမှုများကို ဥပဒေအကြံပြုပြန်ကြားရာတွင် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ပြည့်စုံစွာ ကိုးကား၍ အကြံပြုပြန်ကြားရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်က လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များက မိမိတို့ဒေသ၏ လုပ်ငန်းများကိုလည်းကောင်း၊ အသီးသီး တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့ နေချုပ်က လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

                                                                  (သတင်းစဉ်)