ရှေ့နေရှေ့ရပ်များအကြား ဥပဒေရေးရာ စကားဝိုင်း – ၁”  ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ ၂၁ ရက်

“ရှေ့နေရှေ့ရပ်များအကြား ဥပဒေရေးရာ စကားဝိုင်း – ၁” ဖွင့်ပွဲ အခမ်းအနားကို ဥပဒေရေးရာ ဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၊ ရုံးအမှတ် ၂၅၊ နေပြည်တော်၌ ၂၁-၁၀-၂၀၂၅ (အင်္ဂါနေ့) မွန်းလွဲပိုင်း အချိန်တွင် ကျင်းပပြုလုပ်ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်၊ တရားလွှတ်‌တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦးက အဖွင့်အမှာစကား ပြောကြားရာ တရားလွှတ်‌တော်ရှေ့နေများကောင်စီကို ၁၉၂၆ ခုနှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် ၃၈ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပါကြောင်း၊ တရားလွှတ်‌တော်ရှေ့နေများကောင်စီအက်ဥပဒေကို ၁၉၈၉ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် တို့ တွင် သုံးကြိမ်ပြင်ဆင်ခဲ့ပါကြောင်း၊ တရားလွှတ်‌တော်ရှေ့နေများကောင်စီအက်ဥပဒေအရ ဥပဒေ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က တရားလွှတ်‌တော်ရှေ့ နေများကောင်စီဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီအား ကောင်စီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊

တရားလွှတ်‌တော်ရှေ့နေများကောင်စီဥက္ကဋ္ဌသည် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေ ချုပ်ဖြစ်သည့်အတွက် ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံ ကိန်း (၂၀၂၅-၂၀၂၉)ကို ရေးဆွဲရာတွင် ရှေ့နေရှေ့ရပ်များအတွက် ဥပဒေအသိပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ရေးကို ထည့်သွင်းရေးဆွဲခဲ့ကြောင်း၊ ယခင်တရားလွှတ်‌ တော်ရှေ့နေများကောင်စီ အစည်းအဝေးများတွင် ယခုကဲ့သို့သော “ရှေ့နေရှေ့ရပ်များအကြား ဥပဒေရေးရာစကားဝိုင်း – ၁” ကို ပြုလုပ်ရန်  ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်အရ  ယခုပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပါကြောင်း၊ ယခုစကားဝိုင်းကို တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် အထောက်အကူ ဖြစ်စေရန်၊ အမှုလိုက်ပါဆောင်ရွက်ရာ၌ သိသင့်သိထိုက်သည့် ဥပဒေရေးရာ ကိစ္စများကို ပိုမိုနှံ့စပ်နားလည်စေရန်၊ ရှေ့နေရှေ့ရပ်များ၏ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့်အခွင့် အရေးများကို ပိုမိုသိရှိပြီး အရည်အချင်းပြည့်ဝသော ရှေ့နေရှေ့ရပ်များဖြစ်စေရန် ရည်ရွယ် ၍ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ တရားလွှတ်တော်ရှေ့နေကြီးများက တရားမတရားစီရင်ရေးနှင့် ရှေ့နေရှေ့ရပ်အခန်းကဏ္ဍ၊ ရှေ့နေ‌ကောင်းတစ်ယောက်၊ ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများ၊ ရှေ့နေ ရှေ့ရပ်များ၏ တရားရုံးကျင့်စဉ်များနှင့် လျှောက်လဲချက် ကောင်းတစ်ခု စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးမည်ဖြစ်ပါကြောင်း။

“ရှေ့နေရှေ့ရပ်များအကြား ဥပဒေရေးရာစကားဝိုင်း – ၁” သို့ တက်ရောက်သူ တရားလွှတ်တော် ရှေ့နေများအနေဖြင့် ယခုစကားဝိုင်းတွင် လေ့လာခွင့်ရသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်၌ အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်စေလိုကြောင်း၊ အများအကျိုး၊ မိမိအကျိုး ဆောင်ရွက်ရာ၌ ဖြစ်စေ၊ မိမိ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဆောင်ရွက်ရာ၌ဖြစ်စေ၊ ကျင့်ဝတ်သိက္ခာ ပြည့်စုံစွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ဆန္ဒပြုလမ်းညွှန်မှာကြားပါသည်။

အဆိုပါစကားဝိုင်းဖွင့်ပွဲအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေများကောင်စီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့်ဒုတိယ ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)