ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၇)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၇ ရက်

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၇)ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဥပဒေဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယခု အစည်းအဝေးသည် မိမိကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် ကာလ၌ ၁၀ ကြိမ် မြောက် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ ယင်းကာလတွင် ယခင်အင်္ဂလိပ် ကိုလိုနီခေတ်၌ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ၂၈ ရပ်ကို မြန်မာဘာသာပြန်ဆို အတည်ပြုခဲ့ပြီး ဥပဒေဘာသာပြန် စာအုပ်အမှတ် (၉)မှ (၁၆)ထိ စာအုပ် ၈ အုပ် ပုံနှိပ်ထုတ်ဝေ နိုင်ခဲ့ကြောင်း၊ စာအုပ် အမှတ် (၁၆)တွင်  The Bills of Lading Act၊ The District Cesses Act၊  The Fatal Accidents Act၊ The Myanmar Passport Act၊ The Poisons Act နှင့် The Religious Societies Act တို့ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း ပြောကြားသည်။

ယခုအစည်းအဝေးတွင် ဥပဒေ ၆ ရပ်ဖြစ်သည့် The Judicial Officers Protection Act ၊ The Treasure Trove Act၊ The Obstructions in Fairways Act၊ The Myanmar Territorial Force Act၊ The Water Power Act နှင့် The Evidence Act တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ဘာသာ ပြန်ဆိုချက်များ တည့်မတ်မှန်ကန်စေရေးအတွက် အားလုံးက ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်း အဖွဲ့ငယ်များမှ အဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးကို ၇-၁၁-၂၀၂၅ ရက်နေ့ မှ ၈-၁၁-၂၀၂၅ ရက်နေ့ အထိ ၂ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

                                                                                                                                       သတင်းစဉ်