နေပြည်တော်၊ ဒီဇင်ဘာ ၂၂ ရက်

ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းတို့ ပူးပေါင်း၍ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာအမှတ် ၁၂၀/၂၀၂၅ ဖြင့် “ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီ” ကိုဖွဲ့စည်းပေးခဲ့ပြီး Legal Assistant AI Model ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိပညာအချက်အလက်များ ထည့်သွင်းပြီးစီး သည့်အခြေအနေနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀) နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေး၌ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်နှင့် စီမံကိန်းအဖွဲ့ဝင် ဦးရန်နိုင်စိုးတို့က AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်ရန် data collection ပြုလုပ်ခြင်းနှင့် ရရှိပြီးသည့် data များကို Legal Assistant AI Model အတွင်း ထည့်သွင်းလေ့ကျင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။
အစည်းအဝေးတက်ရောက်လာကြသူများက AI နည်းပညာကို ဥပဒေအသိပညာနှင့် ချိတ်ဆက်၍ ကျယ်ပြန့်စွာ အသုံးချခြင်းဖြင့် ပြည်သူများအား ဥပဒေဗဟုသုတ အသိပညာများကို ဖြန့်ဖြူးနိုင်ရေး၊ Legal Assistant AI Model ပိုမိုကောင်းမွန်စေရန် ထပ်မံထည့်သွင်းလေ့ကျင့်ရမည့် ဥပဒေများအတွက် Data စုဆောင်းနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးကြသည်။
သတင်းစဉ်
