နေပြည်တော်၊ ဇွန် ၁၁ ရက်

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေးဥပဒေများနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥပဒေဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ပထမနေ့ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့်ကျင်းပရာ ဒုတိယဝန်ကြီးနှင့်ဒုတိယ ရှေ့နေချုပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဥပဒေချုပ်၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ အရာရှိကြီးများ အပါအဝင် စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့က Online မှ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က စည်ပင်သာယာရေး ဥပဒေများ ကျင့်သုံးဆောင် ရွက်မှုအား ညှိနှိုင်းဆွေးနွေးနိုင်ရန် ယခင်က စည်ပင်သာယာရေးဥပဒေများ စိစစ်မှုဦးဆောင်ကော်မတီ အနေဖြင့် အစည်းအဝေးခေါ်ယူခဲ့ပြီး Model Law တစ်ခု ရေးဆွဲနိုင်ခဲ့ ကြောင်း၊ စည်ပင်သာယာရေး ဥပဒေများ ပုံစံတူဖြစ်စေလိုသဖြင့် ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပ ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင် သာယာရေးဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာ ရေးဥပဒေ မူကြမ်းတို့ကို ဖြန့်ဝေထားပါကြောင်း၊ ယင်းဥပဒေမူကြမ်းများပါ ဖော်ြပချက်များကို ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း၊ အဆိုပါ စည်ပင်သာယာ Model Law ပါ စည်ပင်သာယာရေးလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် မိမိဒေသနှင့် လိုက်လျောညီထွေရှိသည့် ကိစ္စရပ်များကိုသာ ရွေးချယ်ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ မြို့တော်စည်ပင်သာယာ ရေ ဥပဒေများကိုလည်း အတတ်နိုင်ဆုံး ပုံစံတူဖြစ်စေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်၍ ဥပဒေမူကြမ်းပါ ဖော်ပြချက်များတွင် မိမိဒေသနှင့်မကိုက်ညီသော အချက်များနှင့် ထပ်မံဖြည့်စွက် လိုသောအချက်များ ရှိပါက ဆွေးနွေးပေးရန် ဖြစ်ကြောင်း ဆွေးနွေး မှာကြားခဲ့ပါသည်။
ဒုတိယနေ့တွင် မြို့တော်စည်ပင်သာယာရေးဥပဒေများ နှင့်စပ်လျဉ်း၍ ပုံစံတူများ ပြဌာန်း နိုင်ရန် ဆက်လက်ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေ ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
(သတင်းစဉ်)
