တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဇူလိုင်  ၁

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ (ဒုတိယညွှန်ကြားရေးမှူးချုပ်ရာထူး) အတွက် ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားကို ဥပဒေရေးရာဝန်ကြီး ဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း (Legal Advocacy Center ) MOLA Lecture Hall ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က လမ်းညွှန်မှုနှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အစိုးရဌာနအဖွဲ့အစည်းအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့်အထက်အဆင့်ရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူး များအား ဥပဒေရေးရာကိစ္စရပ်များကို သိရှိနားလည်စေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁) အား ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းသည် အစိုးရဌာနအဖွဲ့အစည်းများ၏လုပ်ငန်းတာဝန်များကို လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ စနစ်တကျဖြစ်စေ‌ရေး၊ ဥပဒေရေးရာ အခြေခံ သဘောတရားများကို သိရှိနားလည်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက် အကူဖြစ်စေမည်ဖြစ်ကြောင်း၊

ဥပဒေရေးရာဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိကို “ ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်”  “ Building Legal Trust For The People” ဟူသည့် မဟာဗျူဟာစီမံကိန်းချမှတ်၍ တရားဥပဒေစိုးမိုးရေးအတွက် အညွှန်းကိန်းတစ်ရပ်အနေဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်တွင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်းများကို အမှတ်စဉ် ၁ မှ ၆ အထိ အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနအဖွဲ့အစည်းများမှ အရာရှိကြီးများ စုစုပေါင်း (၁၇၈) ဦး တက်ရောက်အောင်မြင်ခဲ့ပြီး ဖြစ်ပါကြောင်း၊

သင်တန်းတွင် ဥပဒေပညာအခြေခံသဘောတရားများဘာသာရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာသာရပ်၊ ဥပဒေမူကြမ်းရေးဆွဲခြင်း ဘာသာရပ်၊ အထွေထွေဥပဒေအကြံဥာဏ်ပေးခြင်း ဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်း ဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့်အထူးဥပဒေများ လက်တွေ့အသုံးချမှု ဘာသာရပ်နှင့် တရားမဆိုင်ရာဥပဒေများ လက်တွေ့အသုံးချမှုဘာသာရပ်များ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းဆရာများ အနေဖြင့် မိမိအပါအဝင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သည့် ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ဥပဒေချုပ်များ၊ ဥပဒေရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊  အငြိမ်းစား ယူပြီးသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများက ပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်း ပြီးမြောက်ပါက (Certificate of Legal Advocacy, CLA) လက်မှတ်ပေးအပ်မှာဖြစ်ကြောင်း၊  သင်တန်းသား များအနေဖြင့် သင်တန်းမှပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏ လုပ်ငန်းခွင်တွင် လက်တွေ့ ကျင့်သုံး ဆောင်ရွက်နိုင်စေရန်အတွက် အထူးအလေးထား လေ့လာမှတ်သား သင်ယူကြဖို့ တိုက်တွန်း လိုကြောင်း ပြောကြားသည်။

သင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်ပို့ချ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                                          သတင်းစဉ်